နေပြည်တော်၊ တပ်ကုန်းမြို့နယ်မှာ မတ်လ ၁ ရက် မနေ့ညနေ ၄ နာရီခွဲလောက်က တရားရုံးကနေ ရုံးထုတ်ပြီးပြန်လာတဲ့ အချုပ်ကားတစ်စီးနဲ့လိုက်ပါလာတဲ့ အချုပ်သားတွေက ရဲတွေကို ရိုက်နှက်သေနတ်နဲ့ပစ်ခတ်ပြီး ၁၀ ယောက်လောက် ထွက်ပြေးသွားတယ်လို့ ဒေသခံ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီ သိရပါတယ်။
ပျဥ်းမနားမြို့နယ်တရားရုံးကနေ ရုံးထုတ်ပြီး ရမည်းသင်းအကျဥ်းထောင်ကို အချုပ်သား ၂၁ ဦးပြန့်ပို့ရာ တပ်ကုန်းမြို့နယ် သူဌေးကုန်းကျေးရွာအနီးမှာ ဒုရဲအုပ်နဲ့ရဲတပ်သားတစ်ဦးကို အချုပ်သားတွေက ရိုက်နှက်ကာ သေနတ်နဲ့ပစ်ခတ်ပြီး ထွက်ပြေး လွတ်မြောက်သွားတာပါ။
အုပ်ချုပ်ရေးနဲ့ နီးစပ်သူတစ်ဦးက "၂၄၆ မိုင်နားမှာဖြစ်တာ အချုပ်ကားနှစ်စီးလာတာ နောက်ကားကို စောင့်တဲ့အချိန် အချုပ်ကားအနောက်မှာ အချုပ်သားအချင်းချင်း ရုန်းရင်းဆန်ခတ်ဖြစ်လို့ ဒုရဲအုပ်နဲ့ ရဲတပ်သားဆင်းလာတာ။ တံခါးဖွင့်ကြည့်တော့ ဒုရဲအုပ်ကို အရင်ထိုးကြိတ် ရဲတပ်သားက သေနတ်နဲ့ ပစ်မယ်လုပ်တော့ သေနတ်ကိုလုပြီးသူ့ကိုပစ်သွားတာ။ သေနတ်ဒင်နဲ့ ဒုရဲအုပ်ကိုရိုက်သွားတယ်။ သေနတ်တော့မယူသွားဘူး"လို့ ပြောပါတယ်။
အချုပ်ကားပေါ်မှာ အချုပ်သား အမျိုးသား ၁၉ ဦးနဲ့ အမျိုးသမီး ၂ ဦးလိုက်ပါပြီး အဲ့ဒီထဲက ၁၀ ဦးလွတ်သွားတာဖြစ်ပြီး ပစ်ခတ်မှုကြောင့် ရဲတပ်သားဖြိုးဝေအောင်ရဲ့ ရင်ဘတ်နဲ့ခါးမှာ သေနတ်ဒဏ်ရာရရှိပြီး ဆေးရုံတင်ထားရတယ်လို့ ရဲအရာရှိတစ်ဦးက ပြောပါတယ်။
"ရဲတပ်သားလေးက စိုးရိမ်ရတယ်။ တပ်ကုန်းခုတင် ၁၀၀ ဆေးရုံမှာ။ ဒုရဲအုပ်က ခေါင်းပဲကွဲသွားတာ ထွက်ပြေးသွားတဲ့ အချုပ်သားတွေကို လိုက်ရှာနေပါတယ်။”
ထွက်ပြေးလွတ်မြောက်သွားတဲ့ အချုပ်သားတွေကို စစ်ကောင်စီတပ်နဲ့ ရဲတွေဟာ တပ်ကုန်းမြို့နယ်အတွင်း ပိတ်ဆို့ရှာဖွေနေပေမဲ့ ပြန်လည်ဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့ ရဲအသိုင်းအဝိုင်းက သိရပါတယ်။