စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ကုန်းရွာကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၂၈ ရက်မနေ့ည နဲ့ ဒီနေ့မှာ ရွာလုံးကျွတ်နီးပါး မီးရှို့ခဲ့ပြီး ပြည်သူ ၄ ယောက်ကိုလည်း အကြမ်းဖက် သတ်ဖြတ်သွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်က ယင်းမာပင်မြို့နယ် ကျွန်းတောကျေးရွာတောင်ဘက်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံစုပေါင်းကာကွယ်ရေးတပ်ပေါင်းစုတို့အကြား ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားခဲ့ပြီး နောက် စစ်ကောင်စီတပ်ကယင်းမာပင်မြို့နယ် ကုန်းရွာ၏အနောက်ပိုင်းမှ စတင်ကာ ပြည်သူနေအိမ်တွေကို မီးရှို့ခဲ့ကြပြီး ရွာထဲမှာ ကျန်ရစ်ခဲ့တဲ့ ပြည်သူလေးယောက်ကို မီးရှို့သတ်ဖြတ်သွားခဲ့တာဖြစ်ပါတယ်။
တိုက်ပွဲမှာတော့ စစ်ကောင်စီဘက်က အထိအခိုက် အကျအဆုံးပြားခဲ့တယ်လို့လည်းဆိုပါတယ်။ ဒီနေ့ မတ်လ ၁ ရက်နေ့ မနက်ပိုင်းမှာတော့ ကုန်းရွာကနေ အရှေ့ဘက်ကို ဉီးတည်ထွက်လာခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံစုပေါင်းကာကွယ်ရေးတပ်ပေါင်းစုတို့အကြား ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းနဲ့ အဲဒီ့တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့အများအပြား ထပ်မံကျဆုံးသွားခဲ့ ကြောင်း သိရပါတယ်။
တိုက်ပွဲအတွင်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဉီး မစိုးရိမ်တဲ့ ဒဏ်ရာရရှိကြောင်း သိရပါတယ်။ ဒီနေ့ မနက်တိုက်ပွဲမှာတော့ စစ်ကောင်စီဘက်က ရဟတ်ယာဉ် နှစ်စီးနဲ့ ၂ နာရီကျော် လာရောက်ပစ်ခတ်ပေးမှုလည်းရှိပေမဲ့ ဒေသခံစုပေါင်းကာကွယ်ရေး တပ်ပေါင်းစုတို့ဘက်မှ ထိခိုက်မှု တစ်စုံတစ်ရာမရှိခဲ့ကြောင်း သိရပါတယ်။
အဆိုပါတိုက်ပွဲကြောင့် ထိခိုက်ဒဏ်ရာရတဲ့အခြေအနေကိုတော့ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ခြင်းမရှိပါဘူး။
(CJ)