မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ ဖေဖော်ဝါရီ ၂၇ ရက် မနက်က ပခန်းငယ်ရဲစခန်းရှိ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေ ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ ပခုက္ကူခရိုင်၊ အမှတ်-၁၀ တပ်ရင်း၊ တပ်ခွဲ-၃ Phoenix-ပြောက်ကျားတပ်ဖွဲ့ကပြောပါတယ်။
ပခန်းငယ်ရဲစခန်းကို ဖေဖော်ဝါရီ ၂၇ ရက် မနက် ၁၁ နာရီလောက်မှာ ဆားလင်းကြီး ဒရုန်းအဖွဲ့နဲ့ ပူးပေါင်းပြီး ဒရုန်းနဲ့ အီနာဂါဗုံးသီး ၃ လုံး ဖြုတ်ချ တိုက်ခိုက်ခဲ့တာလို့ Phoenix-အထူးပြောက်ကျားတပ်ဖွဲ့ရဲ့ ဒရုန်းတာဝန်ခံ ကိုချာလီက ဒီဗွီဘီကို ပြောပါတယ်။
“ကျနော်တို့ ပူးပေါင်းတပ်ဖွဲ့တွေက အဲဒီရဲစခန်းကို ကင်းထောက်တော့ လမ်းပေါ်မှာ ၃ ယောက်လောက် ထွက်နေတာတွေ့လို့ အီနာဂါဗုံးသီး ၁ လုံး ဖြုတ်ချလိုက်တယ်။ ရဲစခန်းထဲကနေ ရှေ့ကင်းစခန်းဘက်ကို စစ်ကောင်စီတပ်သား ၁ ယောက် ထွက်လာတာ တွေ့လို့ တလုံးထပ်ချလိုက်ပြီး ရဲစခန်းအဆောက်အဦကို ၁ လုံးချပြီး တိုက်ခိုက်ခဲ့တာ။”
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ ရှိနိုင်ပေမဲ့ စစ်ကြောင်းတွေ ထိုးနေတာကြောင့် အတိအကျ စုံစမ်းလို့ မရသေးဘူးလို့ ကိုချာလီက ပြောပါတယ်။
“သူတို့ဘက်က ၄၀ မမလို့ ယူဆရတဲ့ လက်နက်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့ ကျနော်တို့ဘက်က ရဲဘော်တွေ ထိခိုက်မှုမရှိဘဲ ဘေးကင်းတဲ့နေရာကို ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြတယ်။”
အဲဒီ ပခန်းငယ်ရဲကင်းစခန်းကို ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၃ ရက်မှာ Poenix-အထူးပြောက်ကျားတပ်ဖွဲ့ အပါအဝင် ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီးခဲ့ဖူးပါတယ်။
၂၀၂၂ ခုနှစ် ဧပြီ ၂၈ ရက်မှာလည်း ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၁၄ ယောက်သေဆုံးပြီး ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။