Home
မြန်မာသတင်း
နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌဟောင်းနေအိမ် ဗုံးပေါက်
DVB
·
March 1, 2023
MyaNy_USDP

နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်၊ မြစ်ငယ်လေးမှာရှိတဲ့ အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌဟောင်း ဦးမြငြိမ်းရဲ့ နေအိမ်မှာ ဖေဖော်ဝါရီ ၂၈ ရက် ညပိုင်းက ဗုံးပေါက်ခဲ့တယ်လို့ နေပြည်တော်အသိုင်းအဝိုင်းကနေ သိရပါတယ်။

ဗုံးပေါက်ကွဲသံကြားပြီးနောက် စစ်ကောင်စီတပ်နဲ့ ရှာဖွေကယ်ဆယ်ရေးယာဥ်တွေ ရောက်လာပြီး ပေါက်ကွဲမှုဖြစ်တဲ့နေရာကို စစ်ဆေးခဲ့တယ်လို့ မြို့ခံတဦးက ပြောပါတယ်။

“သူ့အိမ်က မြစ်ငယ်လမ်းနဲ့ စန္ဒီလမ်းထောင့်မှာရှိတာ၊ စစ်တပ်က အများကြီးရောက်လာတာ၊ သေတာ ဒဏ်ရာရတာ မရှိဘူး၊ အဆောက်အဦတော့ ပျက်စီးသွားတယ်။”

ဗုံးပေါက်ကွဲတဲ့အချိန် ဦးမြငြိမ်း နေအိမ်မှာမရှိဘဲ ခရီးထွက်နေပြီး ခြံစောင့်လင်မယားကို စစ်ကောင်စီတပ်က စစ်ဆေးနေတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဗုံးပေါက်ကွဲခဲ့တဲ့နေအိမ်ဟာ ၂၀၁၀ ရွေးကောက်ပွဲအပြီး ပထမအကြိမ် အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တဲ့ ဦးမြငြိမ်းရဲ့နေအိမ် ဖြစ်ပါတယ်။

ဦးမြငြိမ်းဟာ ကြံ့ခိုင်ရေးပါတီ ဗဟို အလုပ်အမှုဆောင်လည်းဖြစ်ခဲ့ဖူးပြီး ၂၀၁၅ ရွေးကောက်ပွဲအတွက် မဲဆွယ်စဉ်ကာလက "ရန်ကုန်တိုင်းမှာ အစိမ်းရောင်ပဲလွှမ်းရမယ်။ အနီရောင်လွှမ်းလို့မရဘူး။ အနီရောင်က ဘာလဲသိချင်ရင် အာဇာနည်ကုန်းမှာ သွားကြည့်။ အာဇာနည်ကုန်းဗုံးကွဲတော့ဘာဖြစ်လဲ အနီရောင် အကုန်လွှမ်းကုန် တာပေါ့။ အဲဒီတေ့ာရန်ကုန်မှာ အစိမ်းရောင်ပဲ လွှမ်းမိုးရမယ်”လို့ပြောဆိုမဲဆွယ်ခဲ့သူဖြစ်ပါတယ်။

ပြီးခဲ့တဲ့လတွေကလည်း နေပြည်တော်ကောင်စီနယ်မြေရှိ မြို့နယ်တချို့မှာ ဗုံးပေါက်ကွဲတာတွေကြောင့် သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူတွေ ရှိပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024