မြန်မာပြည်တွင်းရှိ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းတွေမှာ အနောက်တိုင်း ဒီမိုကရေစီ ယဥ်ကျေးမှုတွေ သင်ကြားရင် အရေးယူနိုင်ဖို့ ဥပဒေရေးဆွဲ ပြဋ္ဌာန်းရမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်က ညွှန်ကြားထားကြောင်း ပညာရေးဝန်ကြီးဌာနရဲ့ ရုံးစာတစောင် လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက်က စစ်ကောင်စီဥက္ကဋ္ဌရုံးမှာ ကျင်းပခဲ့တဲ့ ညှိနှိုင်းအစည်းဝေးအတွင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းတွေမှာ အနောက်တိုင်းဒီမိုကရေစီ ယဥ်ကျေးမှုတွေ သင်ကြားရင် အရေးယူနိုင်ဖို့ ဥပဒေရေးဆွဲ ပြဋ္ဌာန်းရမယ်လို့ ညွှန်ကြားခဲ့တဲ့အကြောင်း ကရင်ပြည်နယ် ပညာရေးမှူးရုံးက လက်အောက်ခံ ခရိုင်၊ မြို့နယ် ပညာရေးမှူးရုံးတွေ အားလုံးကို လိုက်နာဆောင်ရွက်ဖို့ ညွှန်ကြားချက်တွေ ထည့်သွင်း ရေးသားထားပါတယ်။
ဒီရုံးစာရဲ့ စစ်မှန်မှုနဲ့ပတ်သက်ပြီး စစ်ကောင်စီ ပညာရေးဌာနထံ ဆက်သွယ်မေးမြန်းအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။
ဒီညွန်ကြားချက်နဲ့ပတ်သက်ပြီး နိုင်ငံရေးလေ့လာသုံးသပ်သူ ကိုစိုးဝင်းဆွေက “ဒါက သူ့ဆရာကြီး ဦးနေဝင်းလုပ်ခဲ့တဲ့ မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်ဆိုတာမျိုးပဲ သူလည်း မြန်မာ့နည်းမြန်မာ့ဟန် ဒီမိုကရေစီလုပ်ဖို့ ကြိုးစားနေတာပါ။ သူကသာ ခွဲပြောနေတာ၊ တကယ်တော့ ဒီမိုကရေစီမှာက ရှင်းပါတယ်။ ပြည်သူရွေးချယ်တဲ့လူ အုပ်ချုပ်တဲ့စနစ်ပါပဲ။ ပါးစပ်က ဘယ်လို ဒီမိုကရေစီပဲပြောပြော အာဏာရှင်ဆန်ဆန် ပုံစံကိုပဲ သွားနေတာပါ။ ပြည်သူတွေပြောတဲ့ မင်းအောင်လှိုင်နိုင်ရင် မြောက်ကိုရီးယားလိုဖြစ်သွားမှာဆိုတဲ့စကားက တကယ်မှန်လာပြီ”လို့ ပြောပါတယ်။
ဒါ့အပြင် CDM ကျောင်းသားတဦးရဲ့ မိဘကလည်း “ကျမတို့က ကျောင်း မထားတဲ့အတွက် အဲဒါတွေ စိတ်မပူဘူး။ CDM မလုပ်တဲ့သူတွေသာ ဦးနှောက်အဖျက်ခံရဦးမှာပဲ” လို့ ဒီဗွီဘီကို ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ အခုလို လူငယ်ပိုင်းတွေကို ဒီမိုကရေစီနဲ့ပတ်သက်လို့ နားလည်မှုလွဲအောင်၊ အသိဉာဏ် ဖျက်ဆီးနေတာဟာ သူတို့ရဲ့ အာဏာတည်တံ့မှုကို အရှည်ကြာဆုံး ရယူထားနိုင်ဖို့ ကြိုးစားနေတဲ့ ခြေလှမ်းတွေဖြစ်တယ်လို့ ရန်ကုန် CDM ဆရာအသိုင်းအဝိုင်းမှ ဆရာတဦးက ပြောပါတယ်။
စစ်ခေါင်းဆောင်ဟာ မြန်မာပြည်တွင်း ဒေသတချို့ကိုခရီးလှည့်ပြီး တွေ့ဆုံပွဲတွေကျင်းပကာ ယခင် အစိုးရ စီမံအုပ်ချုပ်မှု မကောင်းကြောင်းတွေလည်း ဝေဖန်ပြောကြားနေတာဖြစ်ပါတယ်။