ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ဖယ်ခုံမြို့နယ်၊ ခေါင်းအီကျေးရွာထဲမှာ ဖေဖော်ဝါရီ ၂၇ ရက် ညပိုင်းက လက်နက်ကြီးကျပြီး ရွာသားနှစ်ယောက် ထိခိုက်ဒဏ်ရာရသွားသလို ဘုန်းကြီးကျောင်းနဲ့ နေအိမ်တွေလည်း ပျက်စီးသွားပါတယ်။
သူတို့ရွာနားမှာ တိုက်ပွဲမရှိဘဲနဲ့ ဖယ်ခုံအခြေစိုက် ခလရ ၃၃၆ မြန်မာစစ်တပ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်နေတာမှာ ၂၇ ရက် ည ၈ နာရီလောက်မှာ ရွာထဲကို လက်နက်ကြီးကျည်တွေ ကျလာခဲ့တာလို့ ဒေသခံရွာသားတယောက်က ပြောပါတယ်။
“လက်နက်ကြီးကျတဲ့အချိန် ကျနော်တို့က ခေါင်းအီရွာဘုန်းကြီးကျောင်းမှာ ရောက်နေတဲ့ စစ်ဘေးရှောင်တွေ သွားပြီး ကူညီနေရာချပေးနေတာပါ။ အဲဒီမှာ ပင်လောင်းဘက်က စစ်ဘေးရှောင် ၉၀ ကျော် ထွက်ပြေးလာတယ်။ သူတို့ရောက်တဲ့ညမှာပဲ လက်နက်ကျည်ကျတာ။ တိုက်ပွဲလည်းမရှိဘူး၊ ရွာထဲက လူကြီးတယောက်နဲ့ ကလေးတယောက် ဒဏ်ရာရလို့ ဆီးပူးတိုက်နယ်ဆေးရုံ ပို့ထားတယ်။ ဘယ်နားထိမှန်လဲတော့ အသေးစိတ်မသိဘူး။ ကျနော်တို့ဘုန်းကြီးကျောင်း သံပန်းတံခါး၊ ကျောင်းလှေခါးအုတ်ခုံနဲ့ ပြတင်းပေါက်မှန်ကွဲတယ်။ ကျောင်းထဲက ဇရပ်တဆောင် နံရံတွေထိတယ်။ ရွာထဲကနေအိမ်တလုံး မျက်နှာကြက်အမိုးနဲ့ တံခါးပေါက် ပြတင်းပေါက်တွေ ပျက်စီးသွားတယ်။”
အဲဒီညက လက်နက်ကြီးကျတဲ့နောက် ပင်လောင်းဘက်ကနေ ပစ်ခတ်သံတွေ ထပ်ကြားနေရတဲ့အတွက် ဘုန်းကြီးကျောင်းက စစ်ဘေးရှောင်တွေ မနေရဲတော့ဘဲ တချို့က သူတို့နေရင်း လွိုင်လုံရွာကို ပြန်သွားပြီး တချို့က တခြားနေရာကို ဆက်လက် တိမ်းရှောင်သွားတယ်လို့ ဆိုပါတယ်။
ခေါင်းအီရွာဟာ ပင်လောင်းမြို့နယ်နဲ့နီးပြီး ပင်လောင်း တောင်မဲသင်းနဲ့ ဆောင်းပြောင်း ကျေးရွာတွေမှာ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) နဲ့ စစ်ကောင်စီ၊ PNA ပြည်သူ့စစ် ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်နေတာပါ။
အဆိုပါတိုက်ပွဲကြောင့် ရွာသူ ၁ ဦး ကျည်ထိမှန်သေဆုံးပြီး ၁ ဦး ဒဏ်ရာရခဲ့ပါတယ်။ ရွာသား ၃ ဦးရဲ့ အလောင်းကို တွေ့ရှိပြီး ၃ ဦး ပျောက်ဆုံးနေပါတယ်။ ဖယ်ခုံနဲ့ ပင်လောင်းမြို့နယ်ကြားရှိ ရွာပေါင်း ၆ ရွာက ပြည်သူ ၃,၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အရေးပေါ်အကူအညီတွေ လိုအပ်နေပါတယ်။