စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့ စစ်ခုံရုံးကနေ ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ ဒေသခံလူငယ်တယောက်ကို PDF လို့ စွပ်စွဲပြီး ထောင်ဒဏ်တသက်တကျွန်း အမိန့်ချလိုက်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
အသက် ၂၆ နှစ်အရွယ် ကိုမင်းမင်းဦး (ခ) ကိုလမင်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၈ ရက်နေ့က အင်းတော်စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးပြီး PDF လို့ စွပ်စွဲကာ ပုဒ်မ-၅၀(ည) နဲ့ စစ်ကောင်စီက အမှုဖွင့် အရေးယူထားတာပါ။
ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာတော့ အင်းတော်မြို့ စစ်ခုံရုံးကနေ ထောင်ဒဏ်တသက်တကျွန်း ချမှတ်လိုက်တာလို့ အင်းတော်ဒေသခံ အမျိုးသားတဦးက ဒီဗွီဘီကို ပြောပါတယ်။
PDF လို့ စွပ်စွဲဖမ်းဆီးခံရသူ ကိုမင်းမင်းဦးဟာ အင်းတော်မြို့နယ် နဘားကျေးရွာအုပ်စု ကမ်းနီရွာသားဖြစ်ပြီး တောထဲမှာ မီးသွေးဖုတ်တဲ့အလုပ် လုပ်ကိုင်ကာ မိဘကို ရှာဖွေလုပ်ကိုင် ကျွေးနေသူ ဖြစ်ပါတယ်။
အင်းတော်မြို့နယ်မှာ စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာပြီးနောက် စစ်ခုံရုံးကနေ ပုဒ်မ-၅၀ (ည) နဲ့ ထောင်ဒဏ်တသက်တကျွန်း အမိန့်ချခဲ့တာဖြစ်ပါတယ်။