နေပြည်တော် ဒက္ခိဏသီရိမြို့နယ်မှာ ဖေဖော်ဝါရီ ၂၁ ရက်က ပြည်သူ့စစ်တွေကို လက်နက်ပေးအပ်ပွဲဆိုကာ ကြံခိုင်ရေးပါတီဝင်တွေအား ဖိတ်ပြီး ဒုဗိုလ်ချုပ်ကြီးဟောင်း မြင့်လှိုင်က ဝါးလုံးချွန်တွေပေးခဲ့တယ်လို့ ကြံ့ခိုင်ရေးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
မြို့နယ်လုံးကျွတ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်အင်အားသုံးရာကို လက်နက်တပ်ဆင်ပေးအပ်ပွဲလို့ ပြောပြီး ဝါးလုံးချွန်နဲ့ အဝတ်အစားတွေ ထုတ်ပေးတယ်လို့ ပါတီဝင်တဦးက ဒီဗွီဘီကို ပြောပါတယ်။
"သွားတက်တဲ့သူတွေ ပြန်ပြောတာတော့ လုံခြုံရေးသာ ပထမ၊ လုံခြုံရေးသည်သာ ဒုတိယလို့ပြောပြီး သေနတ်တွေပေးမယ်ထင်တာ၊ ထိပ်ချွန်ထားတဲ့ ဝါးလုံးတွေပေးတယ် ရယ်ရတယ်။"
စစ်ကောင်စီအနေနဲ့ လိုအပ်တဲ့ နည်းပညာတွေ၊ လက်နက် ကိရိယာ၊ ငွေကြေး၊ ဝတ်စုံ၊ ရိက္ခာတွေကို ထောက်ပံ့ပေးမှာဖြစ်ပြီး ပြည်သူစစ်တွေအနေနဲ့ အကြမ်းဖက်သမားတွေကို ကာကွယ်သွားရမယ့်အကြောင်း ဒုတိယဗိုလ်ချုပ်ကြီးဟောင်းဦးမြင့်လှိုင်က ပြောတယ်လို့ ပါတီဝင်တဦးက ဒီဗွီဘီကို ပြောပါတယ်။
"သေနတ်နဲ့လာတဲ့သူကို ဝါးလုံးချွန်ပြေးထိုးရတဲ့အထိ ဦးနှောက်သုံးစားလို့မရတဲ့အထဲ မပါဘူး၊ အာ့ကြောင့် အဲ့ပွဲကိုမသွားဘူး။ လုပ်လိုက်ရင် ပရမ်းပတာတွေချည်းပဲ။"
ဒါ့အပြင် အဆိုပါပွဲမှာ တက်ရောက်လာသူတွေကို NUG၊ PDF တွေ မကောင်းကြောင်းနဲ့ အကြမ်းဖက်လှုပ်ရှားမှုတွေကို သတင်းပေးဖို့လည်း ပြောဆိုခဲ့တယ်လို့ တက်ရောက်သူတွေဆီက သိရပါတယ်။
လိုင်စင်၊ ပါမစ်နဲ့ လက်နက်ကိုင်ဆောင်ခွင့်ရနေချိန်မှာ ကြံ့ခိုင်ရေးပါတီခေါင်းဆောင်အနေနဲ့ အခုလို ပါတီဝင်တွေကို ဝါးလုံးချွန်ပေးတဲ့အပေါ် ပါတီအတွင်းနဲ့ နိုင်ငံရေးအသိုက်အဝန်းမှာ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
ကြံခိုင်ရေးပါတီဝင်တွေကို ဝါးလုံးချွန်တွေပေးခဲ့တဲ့ ဦးမြင့်လှိုင်ဟာ အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီးတဦးဖြစ်ပြီး ဦးသိန်းစိန်အစိုးရလက်ထက်မှာ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတဦးလည်းဖြစ်ပါတယ်။
သူဟာ ကြံ့ခိုင်ရေးပါတီမှာ ပြည်ထောင်စုနယ်မြေဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသလို တောင်သူလယ်သမားရေးရာအဖွဲ့မှာ ဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။