ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ ၄/တောင်ရပ်ကွက်၊ အောင်မေတ္တာလမ်းမှာရှိတဲ့ ရပ်ကွက်ရုံးမှာ ဖေဖော်ဝါရီ ၂၇ ရက် ည ၉ နာရီခွဲလောက်က သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး တနာရီလောက်အကြာမှာတော့ ဗုံးပေါက်ကွဲသံတွေ ကြားရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
အဲဒီရပ်ကွက်ရုံးတံခါးမှာ အနက်ရောင် ကြွပ်ကြွပ်အိတ်တလုံး ချိတ်ဆွဲထားပြီး အဲဒီအိတ်အပေါ်မှာတော့ “ကိုင်ရဲရင်ကိုင် သေမှာ” ဆိုတဲ့ စာသားကို ကတ်ထူပြားနဲ့ ရေးသားထားပါတယ်။
ရုံးဘယ်ဘက်ထောင့် ခြံစည်းရိုးမှာလည်း ကော်ပိုက်အသုံးပြုထားတဲ့ လက်လုပ်ဗုံး ၁ လုံးနဲ့ သံပိုက်လက်လုပ်ဗုံး ၁ လုံးတို့ကို စစ်ကောင်စီဘက်က ရှာတွေ့ခဲ့တာကြောင့် ည ၁၀ နာရီခွဲဝန်းကျင်မှာ ဖောက်ခွဲခဲ့တာလို့ သိရပါတယ်။
“ည ၉ နာရီခွဲစွန်းစွန်းကလေးမှာ အောင်သစ္စာဘက်ကနေ လှည့်လာတဲ့ အိမ်စီးကားကနေ ရုံးကို ပစ်သွားတာ။ လေးငါးချက်လောက်ရှိမယ်။ ခဏကြာတော့ စစ်ကားတွေ ရောက်လာတာ၊ ဗုံးတွေ့လို့ ပြောတယ်။ ရုံးအဝမှာချိတ်ထားတဲ့ အိတ်ထဲမှာ တွေ့တာက ဗုံးအတု၊ အရက်ပုလင်းတွေ၊ ရုံးထောင့်ဘက်တွေ့တာက ဗုံးလို့ပြောတယ်၊ စုစုပေါင်း ၂ လုံး။ လူထိခိုက်မှုတော့ မရှိပါဘူး” လို့ ရပ်ကွက်ရုံးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
သာကေတမြို့နယ်ထဲက ရပ်ကွက်တွေမှာ အရန်မီးသတ်တပ်ဖွဲ့စာရင်းကို စစ်ကောင်စီဘက်က တောင်းယူနေပြီး အခြေခံစစ်သင်တန်းပေးဖို့ ပြင်ဆင်နေပါတယ်။ ဒါ့အပြင် ၄ တောင်ရပ်ကွက် အပါအဝင် တခြားရပ်ကွက်တွေမှာလည်း စစ်ကောင်စီက အုပ်ချုပ်ရေးမှူးအသစ် အစားထိုးဖို့ လုပ်နေတယ်လို့ ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။