စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မာဃရပ်ကွက်၊ မုံရွာ-မန္တလေး ကားလမ်းမဘေးက ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်မှာ ဖေဖော်ဝါရီ ၂၈ ရက် မနက် ၁ နာရီကျော်က မီးအားမြှင့်စက်ကနေ မီးစတင်လောင်ကျွမ်းခဲ့ကာ လူ ၁ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကာ ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၂၀၀ ခန့်ရှိတယ်လို့ မြင်းမူမြို့နယ်မီးသတ်ဌာနက ပြောပါတယ်။
အဆိုပါနေရာဟာ မြင်းမူ CB ဘဏ်အနီးမှာရှိတဲ့ ကုန်စုံဆိုင်ကနေ စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး အဲဒီညက မီးပျက်နေတာကြောင့် မီးစက်နှိုးပြီး မီးအားမြှင့်စက်သုံးရာကနေ အပူလွန်ကဲ လောင်ကျွမ်းခဲ့တာလို့ ဆိုပါတယ်။
ကုန်စုံဆိုင် နှစ်ထပ်အဆောက်အဦရဲ့ အပေါ်ထပ်မှာ မိသားစု ၃ ဦး အိပ်ပျော်နေချိန် မီးလောင်ခဲ့တဲ့အတွက် မီးသတ်ဌာနက ရှာဖွေကယ်ဆယ်ခဲ့ပေမဲ့ အသက် ၆၇ နှစ်အရွယ် အမျိုးသား ၁ ဦးနဲ့ အသက် ၄၂ နှစ်အရွယ် အမျိုးသမီး ၁ ဦးကိုသာ ကယ်ဆယ်နိုင်ခဲ့ပြီး အသက် ၅၈ နှစ်အရွယ် အမျိုးသမီးတဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မြင်းမူမီးသတ်ဌာန တာဝန်ရှိသူတဦးက“အပေါ်မှာ အိပ်ပျော်နေတဲ့ မိသားစု ၃ ယောက်မှာ ၂ ယောက်ကိုတော့ ဘေးလွတ်ရာကို ရွှေ့ပြောင်းနိုင်တာပေါ့။ အသက်ရှူမွန်းကြပ်ပြီးတော့ ၁ ယောက် သေဆုံးသွားတယ်။ အမျိုးသမီး အသက် ၅၈ နှစ်၊ ဆိုင်က အဓိကတော့ ကုန်စုံဆိုင်ပေါ့။ အပေါ်ထပ်မှာ လူနေတာ၊ အောက်ထပ်က ရောင်းတာ၊ ထိခိုက်သူ ၂ ဦးက မစိုးရိမ်ရဒဏ်ရာ ရပါတယ်။ မီးလောင်တာက မီးပျက်နေတဲ့အချိန်မှာ သူတို့က အော်တိုမီးစက် မောင်းထားတာ။ မီးအားကမနိုင်တော့ မီးအားမြှင့်စက် ခံသုံးတာ၊ အဲ့စက်က အပူလွန်ကဲပြီးတော့မှ လောင်တာပါ” လို့ ပြောပါတယ်။
အခုမီးလောင်မှုကို မြင်းမူမီးသတ်ဌာနက မီးသတ်ယာဉ် ၃ စီး၊ ရေသယ်ယာဉ် ၂ စီး၊ မြို့မအရန်မီးသတ်က မီးသတ်ယာဉ် ၁ စီး၊ ရေသယ်ယာဉ် ၁ စီးနဲ့ မီးငြှိမ်းသတ်ခဲ့ရပြီး မနက် ၂ နာရီခွဲမှာ မီးငြိမ်းသွားတယ်လို့ သိရပါတယ်။