Home
မြန်မာသတင်း
ရှားတောတွင် စစ်တပ်ရိက္ခာယာဉ်တန်း တိုက်ခိုက်ခံရပြီး ၅ ဦးသေ၊ ပခုက္ကူတွင် စစ်ကောင်စီစစ်ကြောင်း ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ
DVB
·
February 27, 2023
KNDF

ကယား (ကရင်နီ) ပြည်နယ်၊ ရှားတောမြို့မှာ စစ်ကောင်စီတပ် ရှေ့တန်းတပ်စခန်း ဗျူဟာကုန်းကို ရိက္ခာလာပို့တဲ့ စစ်ကောင်စီတပ်ဖွဲ့ ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်သား ၅ ယောက် သေဆုံးခဲ့တယ်လို့ ကရင်နီစစ်တပ်သတင်းအချက်အလက်စင်တာက ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၂၆ ရက်၊ မနက် ၃ နာရီက ရှားတောမြို့ရဲ့ အရှေ့ဘက် ၉ မိုင်ခန့် အကွာမှာရှိတဲ့ သံလွင်မြစ်ကမ်းခြေ တာတမောစခန်းကနေ ရှားတောမြို့ ဗျူဟာကုန်းကို အိမ်စီးကားတွေနဲ့ ရိက္ခာသယ်ဆောင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ရှားတောမြို့နဲ့ စလောင်းကျေးရွာကြားက ချောင်းဆုံနားမှာ ကရင်နီတပ်မတော်-KA နဲ့ KNDF ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ကြားဖြတ်တိုက်ခိုက်မှု ၁ နာရီဝန်းကျင် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်သား ၅ ယောက် သေဆုံးပြီး ဒဏ်ရာရခဲ့တယ်လို့ ကရင်နီတပ်က ဆိုပေမဲ့ စစ်ကောင်စီဘက်ကတော့ အတည်ပြု သတင်းထုတ်ပြန်ခြင်းမရှိပါဘူး။

လမ်းကင်းလုံခြုံရေး ယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့က ၈၁ မမ လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် ကရင်နီတပ်မတော်ဘက်မှ ရဲဘော်တယောက် ဒဏ်ရာရခဲ့ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့က လွိုင်ကော်ကနေ ရှားတောဒေသ နယ်စပ်စခန်းတွေကို ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေ ပို့ဆောင်ဖို့ ခက်ခဲနေတာကြောင့် ရှမ်းပြည်ဘက်ကနေ သံလွင်မြစ်အတိုင်း စက်လှေငယ်တွေနဲ့ စုန်ဆင်းပြီး ရှားတောမြို့နယ်၊ တာတမောစခန်းမှာ စုပုံထားရှိဖို့ ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက ဆောင်ရွက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရှားတောမြို့နယ်မှာ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် လက်အောက်ခံ ခမရ ၄၂၈ နဲ့ ရှမ်းပြည် အခြေစိုက် ခမရ ၅၁၀ တို့ ပူးပေါင်း လှုပ်ရှားနေတယ်လို့ သိရပါတယ်။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာလည်း ဖေဖော်ဝါရီ ၂၆ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီတပ်သားတွေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ ပခုက္ကူ-Special Task Force ကနေ သိရပါတယ်။

ပခုက္ကူမြို့နယ်၊ ကန်တော်ရွာဘက်ကနေ အင်အား ၁၅၀ လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဖေဖော်ဝါရီ ၂၆ ရက် နေ့လယ်ပိုင်းမှာ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ အီနာဂါဗုံးသီးဖြတ်ချပြီး တိုက်ခိုက်ခဲ့တယ်လို့ ပခုက္ကူ-STF ပြန်ကြားရေးတာဝန်ခံ ကိုမှန်က ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ ရှိနိုင်ပေမဲ့ အတိအကျ မသိရသေးလို့ ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။

“အဲဒီတိုက်ခိုက်မှုကို ပခုက္ကူ-STF၊ သူရိန်တပ်ဖွဲ့၊ မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့-MRG၊ ပုဂံ ညောင်ဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ညီနောင်မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး ကျနော်တို့ဘက်ကရဲဘော်တွေ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်။”

ပခုက္ကူနဲ့ ဆိပ်ဖြူမြို့နယ်အစပ်မှာလည်း ဖေဖော်ဝါရီ ၂၅ ရက် မွန်းလွဲပိုင်းက စစ်ကောင်စီစစ်ကြောင်း ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီး ၁ ယောက်သေဆုံးကာ ၁ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-NSP PDF ကနေ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024