စစ်ကိုင်းတိုင်း ၊ တမူးမြို့ ၊ မြို့မ(၁၂/က)ရပ်ကွက်၊ နန်းဖာလုံမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ၅ နှစ်အရွယ် ကလေးငယ်တယောက်သေဆုံးပြီး နောက်ထပ်ကလေးငယ်တယောက် ဒဏ်ရာရကာ အမျိုးသမီးတယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၂၅ ရက်က တမူးမြို့ရဲ့တောင်ဘက်ပိုင်းမှာရှိတဲ့ စစ်ကောင်စီတပ်စခန်း တပ်ကုန်းဘက် ကနေ စစ်သားတွေက မြို့တွင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာတာမှာ လက်နက်ကြီး နှစ်ကြိမ်ကျပြီး အိမ်ဘေးမှာ ကစားနေတဲ့ ၅ နှစ်အရွယ် ကလေးနှစ်ယောက်အပါအဝင် ကလေးငယ်တယောက်ရဲ့ မိခင်တို့ ဒဏ်ရာရရှိပြီး ကလေးငယ်တယောက်ကတော့ သေဆုံးသွားကြောင်း ဒေသခံက ပြောပါတယ်။
သေဆုံးသွားတဲ့ကလေးငယ်နဲ့ ထိခိုက်ဒဏ်ရာရသူတွေကို ရပ်ကွက်နေပြည်သူတွေက တမူးမြို့ ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ကြပါတယ်။
သေဆုံးသွားတဲ့ ကလေးငယ်နဲ့ ဒဏ်ရာရရှိသူတွေဟာ နန်းဖာလုံမှာ အသစ်ပြောင်းလာတဲ့ ဧဝံဝေလိတရားဟောဆရာရဲ့ မိသားစုဝင်တွေဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၂၄ ရက်က တမူးPDF တပ်ဖွဲ့ဝင်တွေဟာ မြို့ပေါ်ရပ်ကွက်တချို့မှာ သွားလာလှုပ်ရှားနေတာကို သတင်းရရှိတာကြောင့် စစ်ကောင်စီက မြို့တွင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တာဖြစ်နိုင်တယ်လို့ မြို့ခံတွေက ယူဆကြပါတယ်။
အပြစ်မဲ့ပြည်သူတွေအပေါ် စစ်ကောင်စီရဲ့လုပ်ရပ်တွေကို လူမဆန်တဲ့ ကျူးလွန်မှုတွေအဖြစ် မှတ်တမ်းတင်ထားပြီး စစ်ကောင်စီကို အပြင်းအထန်ရှုတ်ချတယ်လို့ ကူကီးကျောင်းသားလူငယ်အဖွဲ့က ထုတ်ပြန်ထားပါတယ်။