မန်ယူနိုက်တက်အသင်းအတွက် ဖလားတစ်လုံးတည်းနဲ့ မလုံလောက်တာကြောင့် အများကြီးထပ်ပြီး ရယူသွားချင်ကြောင်း ကွင်းလယ်လူ ဖာနန်ဒက်စ်ကပြောသွားပါတယ်။
မန်ယူအသင်းဟာ မနေ့ညက လိဂ်ဖလား နောက်ဆုံးဗိုလ်လုပွဲစဉ်မှာ နယူးကာဆယ်ကို ၂ ဂိုးဂိုးမရှိနဲ့ အနိုင်ယူပြီး ၆ နှစ်တာကာလအတွင်းမှာ ပထမဆုံးဆုဖလားအဖြစ် ကာရာဘောင်ဖလားချန်ပီယံဆုရယူနိုင်ခဲ့တာပါ။
မန်ယူအသင်းဟာ ဆုဖလားတွေအများကြီးနဲ့ ထိုက်တန်တဲ့အသင်းဖြစ်တာကြောင့် ဆုဖလားတစ်လုံးတည်းနဲ့ မလုံလောက်ကြောင်း၊ အသင်းရဲ့ အဆင့်အတန်းနဲ့ တောင်းဆိုမှုအရ နောက်ထပ်ဆုဖလားတွေထပ်ပြီးရယူချင်ကြောင်း ဗိုလ်လုပွဲ အပြီးမှာ ဖာနန်ဒက်စ်ကပြောပါတယ်။
ဆုဖလားလက်မဲ့ဖြစ်ခဲ့ရတဲ့ ၆ နှစ်တာကာလအတွင်းမှာ ပထမဆုံးဆုဖလားရယူနိုင်ခဲ့တာကတော့ ကျေနပ်စရာဖြစ်ပြီး ထိုက်တန်တဲ့ရလဒ်လည်းဖြစ်ကြောင်း ဖာနန်ဒက်စ်ကပြော သွားပါတယ်။ ယူနိုက်တက်ဟာ ၂၀၁၇ ခုနှစ်က နည်းပြမော်ရင်ညိုလက်ထက်မှာ ယူရိုပါလိဂ် ဖလားရယူခဲ့ပြီးနောက် ပထမဆုံးအကြိမ် ဆုဖလားရယူနိုင်ခဲ့တာဖြစ်ပါတယ်။