Home
မြန်မာသတင်း
ရေစကြို နေရင်းကျေးရွာ မီးရှို့ဖျက်ဆီးခံရ၊ မြိုင်မြို့အနီး စစ်ကောင်စီတပ် မိုင်းခွဲတိုက်ခိုက်ခံရ
DVB
·
February 26, 2023
333304295_967197530934123_3062019702942822780_n

မကွေးတိုင်း ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသ၊ နေရင်းကျေးရွာကို ဖေဖော်ဝါရီ ၂၆ ရက် မနက်မှာ စစ်ကောင်စီတပ်သားတွေနဲ့ပျူစောထီးတွေက မီးရှို့ဖျက်ဆီးခဲ့တာကြောင့် အိမ်ခြေ ၃၀ လောက် မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒီမနက် ၁၀ နာရီမှာ မင်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ပျူစောထီးတွေက မီးရှို့ခဲ့တာလို့ နေရင်းရွာ ဒေသခံတဦးက ပြောပါတယ်။

“ရွာက အိမ်ခြေ ၂၀၀ ကျော်လောက်ရှိတာ။ ၂၀၂၂ ခုနှစ် ဇူလိုင်လကတည်းက စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာလို့ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးနေကြရပြီး ရွာမှာတော့ ပြည်သူ နည်းနည်းဘဲကျန်ခဲ့တယ်။”

ရေလယ်ကျွန်းဒေသမှာ  ကျေးရွာအရေတွက်ကတော့ ၂၀ လောက်ရှိကာ စစ်ကောင်စီတပ်တွေ မီးရှို့ခံရတဲ့ အိမ်ခြေ ၁၀၀၀ ကျော်လောက်ရှိပြီး တချို့ရွာတွေဆိုရင် ၂ ကြိမ်၊ ၃ ကြိမ်အထိ မီးရှို့ခံခဲ့ရကြတယ်လို့ ပြောပါတယ်။

စစ်ကောင်စီက နိုင်ငံတော်အာဏာကို သိမ်းပိုက်ပြီးနောက် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ မကွေးတိုင်အတွင်းက အိမ်ခြေပေါင်း ၈၈၆၃ လုံး မီးရှို့ခံခဲ့ရတယ်လို့ Data For Myanmar က ဖေဖော်ဝါရီ ၁၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီ ၂၅ ရက် မနက်က မြိုင်မြို့အနောက်ဘက် တဖာလုံကျော်လောက်အကွာကို လှည့်ကင်းထွက်လာတဲ့ စစ်ကောင်စီ တပ်သား ၄ ယောက်နဲ့ ပျူစောထီး ၁ ယောက်ကို မြိုင်ပ.က.ဖ တပ်ရင်း (၁)၊ တပ်ခွဲ (၄) ရဲဘော်တွေက မိုင်း ၂ လုံးဆွဲပြီး တိုက်ခိုက်ခဲ့တာလို့ မြိုင် ပ.က.ဖ တပ်ရင်း(၁) တပ်ရင်းမှူး ဗိုလ်လက်ယာက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေထဲက ဒဏ်ရာရတဲ့ ၁ ယောက်သေဆုံးသွားပြီး ဒဏ်ရာရတဲ့ ကျန်တဲ့ ၂ ယောက်ကိုတော့ မြိုင်မြို့ အ.ထ.က (၂) စာသင်ကျောင်းထဲမှာ ဆေးဝါးကုသတာတွေ ပြုလုပ်ပေးခဲ့ကြောင်း စုံစမ်းသိရတယ်လို့ ဗိုလ်လက်ယာကပြောပါတယ်။

မြိုင်မြို့နယ် မြောက်ပိုင်းက ကျေးရွာတွေကို ဖေဖော်ဝါရီ ၂၅ ရက် မနက်ပိုင်းက စစ်ကောင်စီစစ်ကြောင်းက တိုက်ခိုက်ရေး ရဟတ်ယာဥ်နဲ့ လေကြောင်းတိုက်ခိုက်ခဲ့လို့ နွား ၁ ကောင် သေဆုံး၊ ၁ ကောင်ဒဏ်ရာရရှိပြီး နေအိမ်အဆောက်ဦတချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အဲဒီ တိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024