ရန်ကုန်မှာ ဆယ်တန်းစာမေးပွဲ နီးကပ်လာတာနဲ့အမျှ လျှပ်စစ်မီး ပိုမိုပြတ်တောက်လာတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
ရန်ကုန်မှာ အာဏာသိမ်းပြီးနောက်ပိုင်းက စတင်ကာ တရက်ကို ၄ နာရီခြား တခါ မီးပေးတဲ့စနစ်ကို ကျင့်သုံးနေပြီး ပြီးခဲ့တဲ့ ၃ ရက်လောက်ကစပြီး ညပိုင်းတွေကိုပါ မီးဖြတ်တောက်တာတွေ ပြုလုပ်လာတယ်လို့ ဆိုပါတယ်။
မတ် ၈ ရက်နေ့ကနေစပြီး တက္ကသိုလ်ဝင်စာမေးပွဲကျင်းပတော့မှာဖြစ်ပေမယ့် မီးမမှန်တာကြောင့် အားသွင်းတဲ့ မီးလုံးတွေနဲ့ပဲ စာကျက်နေရတယ်လို့ စာမေးပွဲဖြေဆိုမယ့် ကျောင်းသားတဦးက ပြောပါတယ်။
တက္ကသိုလ်ဝင်စာမေးပွဲကျင်းပချိန်မှာ ညပိုင်းတွေကို မီးပေးနိုင်ဖို့အတွက် အလုပ်ရုံ၊ စက်ရုံတွေအနေနဲ့ လျှပ်စစ်မီးအသုံးမပြုဖို့အတွက် စစ်ကောင်စီ လျှပ်စစ်ဌာနက ကြေညာထားပြီး လိုက်နာမှုမရှိရင် အရေးယူမယ်လို့ သတိပေးထားပါတယ်။
ဒါကြောင့် ရပ်ကွက်၊ ကျေးရွာအတွင်းရှိ စီးပွားရေးနဲ့ စက်မှုလက်မှုလုပ်ငန်းတွေကို လာမယ့် မတ်လ ၁ ရက်ကနေ ၂၀ ရက်အထိ လျှပ်စစ်ဓာတ်အားတွေကို ညနေ ၅ နာရီကနေ ၁၀ နာရီအထိ ကန့်သတ်အချိန်အတွင်း အသုံးမပြုကြဖို့ ထုတ်ပြန်အသိပေးထားပါတယ်။
ဒါ့အပြင် စာမေးပွဲဖြေဆိုမယ့် ကျောင်းသားကျောင်းသူတွေ ညပိုင်းစာကြည့်ချိန်အတွင်း ဓာတ်အား ထုတ်လုပ်နိုင်မှုနဲ့ သုံးစွဲမှုမမျှတပါက ဓာတ်အားပြတ်တောက်မှုတွေ ဖြစ်ပေါ်လာနိုင်တယ်လို့လည်း ဆိုထားပါတယ်။