နေပြည်တော်ကောင်စီနယ်မြေ ပျဥ်းနားမြို့မှာ ရှိတဲ့ ဘောဂဝတီရပ်ကွက်အုပ်ချုပ်ရေးမှူး ဒီနေ့ မနက်က လက်ပစ်ဗုံးနဲ့ပစ်ခတ်ခံရပြီးနောက် လုံခြုံရေးတင်းကျပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပျဥ်းမနားမြို့ ဘောဂဝတီရပ်ကွက် နေကြာလမ်းနဲ့မေတ္တာသုံးလမ်းထောင့်မှာရှိတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဒီနေ့ မနက်ကိုးနာရီက လက်ပစ်ဗုံးနဲ့ ပစ်ခတ်ခံရပြီးနောက် လုံခြုံရေး တင်းကျပ်ထားတာလို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။
"ဗုံးနဲ့အပစ်ခံရတာ မပေါက်သေးဘူး၊ စစ်တပ်ကို ရောက်လာပြီး စစ်ဆေးတာတွေ ရှာဖွေရေးတွေလုပ်နေတယ်။ ဖုန်းတွေစစ်တယ်၊ အိတ်တွေစစ်တယ်၊ ဆိုင်ကယ်ဆို တူးဘောက်တွေပါ ဖွင့်ပြရတယ်။"
ဗုံးနဲ့ပစ်ခတ်ခံရပြီး အမှတ် ၉၂၀ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းမှ စစ်ကောင်စီတပ်သားတွေ ရောက်လာပြီး လက်ပစ်ဗုံးကို အသက်မဲ့အောင်ပြုလုပ်ခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ပြောပါတယ်။
"လာပစ်သွားတာ MG 1 လက်ပစ်ဗုံးအမျိုးအစား၊ ပြသာနာက လူကြီးတွေလည်း လန့်သွားတယ်။ အဲ့နေရာကို လုံခြုံရေးတင်းကျပ်ထားဖို့ အမိန့်ပေးထားတယ်။"
လတ်တလောမှာ ဘောဂဝတီရပ်ကွက်က လမ်းအချို့မှာ စစ်ဆေးနေပြီး နေကြာလမ်းနဲ့ မေတ္တာ ၃ လမ်းဘက်မှာ လမ်းသွားလမ်းလာ၊ ဆိုင်ကယ်နဲ့ အိမ်စီးကားတွေပါ စစ်ဆေးနေတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁ ရက် မနက်ပိုင်းကလည်း နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့ ၅ ရပ်ကွက် ဗိုလ်ချုပ်ကြေးရုပ်အနီးက ယာဥ်ထိန်းရဲကင်းမှာ ဗုံးပေါက်ကွဲခဲ့ပြီး ယာဥ်ထိန်းရဲတဦး ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နေပြည်တော်မှာ ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှုတွေကြောင့် သေဆုံးသူနဲ့ ဒဏ်ရာရသူများလည်းရှိပါတယ်။