ရန်ကုန်၊ ဒေါပုံမြို့နယ်၊ ကျည်စုရပ်ကွက်၊ ရန်အောင်ကားမှတ်တိုင်မှာ ဖေဖော်ဝါရီ ၂၄ ရက်ညပိုင်းက လိုင်းကားစီးဖို့စောင့်နေတဲ့ အမျိုးသမီးတယောက်ဆီကနေ အမျိုးသားတယောက်က ပိုက်ဆံအိတ် လုယူတာမရလို့ ဓားနဲ့ထိုးသွားတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
မနေ့ည ၈ နာရီက မင်းနန္ဒာလမ်းမကြီးပေါ်ရှိ ရန်အောင်မှတ်တိုင်မှာ အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက်တို့ YBS ဘတ်စ်ကား စောင့်နေချိန် အမည်မသိအမျိုးသားတယောက်က ပိုက်ဆံအိတ်ဝင်လုခဲ့တာဖြစ်တယ်လို့ ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။
"ပိုက်ဆံအိတ်ဝင်လုတော့ ကောင်မလေးက အော်ပြီးအကူအညီတောင်းတာ။ အော်ရမလားဆိုပြီး ဓားနဲ့ထိုးသွားတာ။ လက်နဲ့ခါးကို ထိုးသွားတာ။ မင်းမဲ့စရိုက်ဆန်ဆန်ပဲ။”
ကားမှတ်တိုင်မှာ ဓားဒဏ်ရာတွေနဲ့လဲကျနေတဲ့ အသက် ၂၀ အရွယ်အမျိုးသမီးကို ရှင်သန်ရေးလူမှုကူညီရေးအသင်းကကားနဲ့ ဆေးရုံကိုပို့ဆောင်ပေးခဲ့တယ်လို့ ရပ်မိရပ်ဖတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။
"ကောင်မလေးကို လက်တွေရော၊ ခါးရော ဓားနဲ့ထိုးသွားတာ ရန်ကုန်ဆေးရုံကြီးကို ပို့လိုက်တယ်။ ပိုက်ဆံအိတ်ကတော့ ပါမသွားဘူး"လို့ ပြောပါတယ်။
အဆိုပါလုယက်မှုဖြစ်စဉ်မှာ ဓားနဲ့ထိုး လုယက်မှုကျူးလွန်တဲ့ အမျိုးသားကိုတော့ စစ်ကောင်စီ ရဲတွေက ဖမ်းဆီးရမိတာမရှိဘူးလို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း အင်းစိန်မြို့နယ်၊ တညင်းကုန်းရပ်ကွက်၊ ၁၄ လမ်းဆုံအနီးမှာ အလုပ်ကနေ စက်ဘီးနဲ့ ပြန်လာတဲ့လူငယ်တယောက်ကို လုယက်သူတွေက ဓားနဲ့ထိုးပြီး ဖုန်းနဲ့ ပိုက်ဆံအိတ်လုသွားခဲ့ပါတယ်။
(AC)Photo/Crd
ရှင်သန်ရေးလူမှုကူညီရေးအသင်း