ဖားကန့်တွင် ကျောက်စိမ်းလုပ်ငန်းရှင်များက စစ်ဘေးရှောင်များကို ငွေပေးပြီး အဓမ္မဖယ်ရှား
DVB
·
February 24, 2023
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အေးမြသာယာအုပ်စု၊ ရှရော်ခကျေးရွာက စစ်ရှောင်ပြည်သူတွေ အများဆုံးနေထိုင်တဲ့ နေအိမ်တဲတွေကို တရားမဝင် ကျောက်စိမ်းတူးဖော်တဲ့ လုပ်ငန်းရှင်တွေက ရွှေ့ပြောင်းစရိတ်ပေးမယ်ပြောပြီး အတင်းအဓမ္မ ဖယ်ရှားခိုင်းနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ရှရော်ခကျေးရွာမှာ ကျောက်တူးလုပ်ငန်း လုပ်ကိုင်ဖို့အတွက် ဖေဖော်ဝါရီ ၁၅ ရက်ကစပြီး နေအိမ်တွေကို ဖယ်ရှားခိုင်းတာဖြစ်ပြီး ရွှေ့ပြောင်းစရိတ် ကျပ်တသိန်းနဲ့ ၁၅ ပေကျယ်ဝန်းတဲ့ မြေနေရာ အလျော်ပေးမယ်ပြောပြီး ဖေဖော်ဝါရီ ၂၅ ရက်နောက်ဆုံး အပြီးဖယ်ရှားခိုင်းတာလည်း ဖြစ်ပါတယ်။
ရှရော်ခကျေးရွာမှာနေထိုင်တဲ့ ပြည်သူတဦးက “သူတို့ အလျော်ပေးမယ်လို့ပြောတဲ့ နေရာက မျောချောင်းနေရာ။ အဲ့ဒီနေရာက မိုးရာသီဆိုရင် အဆင်မပြေနိုင်ဘူး။ မိုးရာသီရောက်တာနဲ့ ကုန်းအမြင့်ကနေ ရေတွေစီးတော့ လူမပြောနဲ့ အိမ်တွေတောင် အလုံးလိုက်ကျွတ်ပါတဲ့ နေရာမို့လို့ ဒုက္ခရောက်တယ်” လို့ ပြောပါတယ်။
အဆိုပါကျေးရွာမှာနေထိုင်တဲ့ ပြည်သူအများစုဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်းတိုင်းမှာ တိုက်ပွဲတွေဖြစ်လို့ ဖားကန့်ဘက်ကို ပြောင်းရွှေ့နေထိုင်ပြီး ရရာအလုပ် လုပ်ကိုင်နေကြသူတွေလည်း ဖြစ်ပါတယ်။
“ကျေးရွာထဲမှာ အိမ်ခြေ ၁၅၀ လောက်ရှိတယ်။ သက်ကြီးရွယ်အိုနဲ့ ကလေးငယ်ကလည်း ၅၀၀ ဝန်းကျင်လောက်ရှိတယ်။ ကျနော်တို့က စစ်ဘေးရှောင်တွေလည်းဖြစ်တော့ ပိုခက်ခဲတာပေါ့။”
ကျောက်စိမ်းတူးဖော်နေတဲ့ ကုမ္ပဏီအားလုံးဟာ အရပ်သားအစိုးရ လက်ထက်ကတည်းက သက်တမ်းကုန်ဆုံးခဲ့တာဖြစ်ပြီး အခုအချိန်မှာ စစ်တပ်နဲ့ ကေအိုင်အေကို အခွန်ဆောင်ပြီး နားလည်မှုနဲ့ တူးဖော်နေကြတာလည်း ဖြစ်ပါတယ်။