ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ဖေဖော်ဝါရီ ၂၂ ရက် ညပိုင်းက သမီးရည်းစားစုံတွဲ ချိန်းတွေ့နေစဉ် လူ ၃ ယောက်ရောက်လာပြီး ဓားနဲ့ထိုးခဲ့လို့ အမျိုးသားတယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ရွှေရောင်မေတ္တာဖောင်ဒေးရှင်းကနေ သိရပါတယ်။
ရွှေရောင်မေတ္တာဖောင်ဒေးရှင်းရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုသာဂီဖြိုးက “စစ်တွေမြို့၊ ကန်တော်ကြီးမှာ မနေ့ ဖေဖော်ဝါရီ ၂၂ ရက် ည ၈ နာရီကျော်လောက်က သမီးရည်းစား နှစ်ယောက် ချိန်းတွေ့နေတာကို အိမ်မပြန်ခင် အမည်မသိ လူ ၃ ယောက် ရောက်လာပြီး အမျိုးသားဖြစ်သူကို ဓားနဲ့ထိုးပြီး ကောင်မလေးကို ခေါ်ဆောင်သွားတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။
ဓားနဲ့အထိုးခံရသူကတော့ ကန်တော်ကြီးရပ်ကွက်၊ အကွက် ၃ က အသက် ၂၀ အရွယ် ကိုခိုင်ကျော်လင်းဖြစ်ပြီး ကျောကုန်းမှာ ဓားထိုးဒဏ်ရာ နှစ်ချက် ရရှိခဲ့လို့ စစ်တွေ ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
“ကောင်မလေးကိုတော့ ဘယ်နေရာကို ခေါ်သွားတယ်ဆိုတာ အတိအကျ မသိရဘူး။ ခဏအကြာမှာတော့ အဲဒီကောင်မလေးကို ပြန်လွှတ်လိုက်လို့ မိဘတွေဆီကို အပ်နှံပေးခဲ့တယ်။ အဲဒီကောင်မလေးကိုတော့ အဓမ္မပြုကျင့်ခဲ့တာမျိုး မရှိဘူး” လို့ ကိုသာဂီဖြိုးက ပြောပါတယ်။
အဲဒီကောင်မလေးပျောက်သွားလို့ လိုက်လံရှာဖွေတဲ့အချိန် ည ၉ နာရီကျော်လောက်က ကန်တော်ကြီးကန်ပေါင်ပေါ်မှာ အမည်မသိ အမျိုးသားတယောက် သေဆုံးနေတာတွေ့ရလို့ စစ်တွေပြည်သူ့ဆေးရုံ ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
“သေဆုံးနေတဲ့သူကတော့ အသက် ၂၀ ဝန်းကျင်လောက်ရှိပြီး အမည်တွေ၊ နေရပ်လိပ်စာတွေကိုတော့ မသိရသေးဘူး။ ပြင်ပဒဏ်ရာတွေလည်း မတွေ့ရဘူး။ မူးယစ်ဆေးဝါး သုံးစွဲထားလား ဆိုတာကိုတော့ အတိအကျ မသိရသေးဘူး။ သမီးရည်းစားစုံတွဲ ဖြစ်ပွားတဲ့အမှုနဲ့တော့ ဆက်စပ်မှုမရှိနိုင်ဘူး။”
အခင်းဖြစ်ပွားတဲ့နေရာတွေနဲ့ စစ်တွေပြည်သူ့ဆေးရုံကိုတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက လာရောက်စစ်ဆေး မေးမြန်းခဲ့တယ်လို့ သိရပါတယ်။