တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်ခွဲ ရှမ်းကိုးရွာပိုင် အောင်ချမ်းသာကျေးရွာအုပ်စု၊ ခမောက်ငယ်ကျေးရွာ ရွာသစ်ကျေးရွာမှာ နေထိုင်တဲ့ ရာအိမ်မှူးနဲ့ ဇနီးဖြစ်သူကို ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သွားရောက်ရှင်းလင်း ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၂၂ ရက် မနက် ၅ နာရီခွဲကျော်လောက်မှာ သွားရောက်ပစ်ခတ်ခဲ့ပြီး ရွာသစ်ကျေးရွာနေ စစ်ကောင်စီခန့် ရာအိမ်မှူး ဦးလင်းထွန်းအောင် (ခ) လင်းလင်းနဲ့ ဇနီးဖြစ်သူ ဒေါ်အေးစိန်တို့ နေအိမ်မှာ သေဆုံးသွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
“သူတို့လင်မယားနှစ်ဦးစလုံး အရင်တည်းက သတင်းပေးလုပ်နေတာ ကြာပြီဗျ။ ရွာသားတွေအပေါ်မှာ ခြိမ်းခြောက်တာတွေလည်း လုပ်နေတာတွေ ရှိနေတယ်။”
သေဆုံးသူ ဇနီးမောင်နှံ ၂ ဦးဟာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲဘော်တွေ တည်နေရာနဲ့ စခန်းတွေကို စစ်ကောင်စီတပ်ကို လမ်းပြသတင်းပေးတာတွေ လုပ်ဆောင်ခဲ့ပြီး ကျေးရွာနေ ဒေသခံပြည်သူတွေ ကိုလည်း ခြိမ်းခြောက်တာတွေ လုပ်ဆောင်နေတာကြောင့် ရေရှည်မှာ ထိခိုက်မှုရှိလာနိုင်တဲ့အတွက် သွားရောက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
နောက်ပိုင်းမှာလည်း စစ်ကောင်စီရဲ့ ဒေါက်တိုင်တွေဖြစ်တဲ့ ပျူစောထီး၊ ဒလန်သတင်းပေးတွေနဲ့ အကြမ်းဖက်စစ်သား၊ ရဲသားတွေက ပြည်သူတွေနဲ့ ကာကွယ်ရေးအဖွဲ့တွေအပေါ် ထိခိုက်လာမယ်ဆိုရင် အခုလိုမျိုး ရှင်းလင်းသွားမှာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
အခုလုပ်ဆောင်မှုကို ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရှင်းလင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး ကျေးရွာနေ ပြည်သူတွေနဲ့ လုံးဝသက်ဆိုင်မှု မရှိကြောင်းလည်း ကော့သောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးထုတ်ပြန်ထားပါတယ်။