ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်နယ်စပ်မြို့၊ နာရီစင်အနီးမှာ ဖေဖော်ဝါရီ ၂၂ ရက် မနက် ၁၁ နာရီခွဲဝန်းကျင်က နယ်ထိန်းရဲ တယောက် ပစ်သတ်ခံရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
"နယ်ထိန်း နာမည်အရင်းတော့ မသိဘူး။ အရှည်ကြီး လို့ပဲခေါ်ကြတာ" လို့ သူ့ကို သိတဲ့ ဒေသခံ တဦးက ပြောပါတယ်။
အဲဒီ နယ်ထိန်းရဲဟာ နာရီစင်ကနေ 555 လမ်းကြားဘက်က အလှပြင်ဆိုင်နားဆိုင်ကယ်အရပ် အမည်မသိ ဆိုင်ကယ်သမား နှစ်ယောက်အနက် နောက်က စီးသူက ပစ္စတိုနဲ့ နောက်ကျောကနေ သေနတ်တချက်ပစ်လိုက်ပြီး လဲသွားချိန် သူ့လွယ်အိတ်ကို ယူလိုက်ကာ နောက်ထပ် သေနတ် ၂ ချက်လောက် ထပ်ပစ်ခဲ့ကာ ဆိုင်ကယ်မောင်းထွက်သွားတယ်လို့ မျက်မြင်တဦးက ပြောပါတယ်။
ပစ်ခတ်မှုဖြစ်တဲ့ အနီးနားမှာ နေထိုင်သူ အမျိုးသား တဦးက "လူတယောက်ကို ပစ်သတ်သွားတယ်။ အဲဒါကြောင့် ဒီဘက်လမ်း ပိတ်ထားထာ။ တည်းခိုခန်းတွေရော လိုက်စစ်နေတယ် ပြောတယ်" လို့ ပြောပါတယ်။
ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် နာရီစင်ကနေ 555 လမ်းကြားဘက်နဲ့ အနီးအနား လမ်းကြားတွေမှာ ပြည်သူ့စစ်၊ စစ်သား၊ ရဲတွေလမ်းပိတ်ကာ စစ်ဆေးရှာဖွေနေကြောင်း ဒေသခံတွေက ပြောပါတယ်။
ပစ်ခတ်ခံရတဲ့ နယ်ထိန်းရဲဟာ ပြည်သူတွေဆန္ဒပြအချိန် ဓာတ်ပုံရိုက်ပြီး စစ်ကောင်စီထံ သတင်းပို့နေသူဖြစ်ပြီး သူ့ကို ဘယ်သူတွေ ဘယ်အဖွဲ့ ပစ်သတ်သွားတာကိုတော့ မသိရသေးပါဘူး။
၂၀၂၁ နောက်ပိုင်း မူဆယ်မြို့မှာ မကြာခဏ ပစ်ခတ်မှုတွေ ဖြစ်ပွားပြီး ရဲဝန်ထမ်းတွေနဲ့ တခြားအစိုးရဝန်ထမ်းတွေ၊ ပြည်သူ့စစ်တွေလည်း မကြာခဏ ပစ်ခတ်ခံရသလို ဗုံးပေါက်ကွဲမှုတွေ လည်း မကြာခဏဖြစ်ပွားတတ်ပြီး အရပ်သားပြည်သူတွေ ထိခိုက်မှုလည်း အများအပြားရှိပေမယ့် တရားခံတွေကိုတော့ ဖမ်းမိခြင်း မရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာတော့ မှော်ဝမ်း ရပ်ကွက်(၅)မှာ နေထိုင်သူ အမျိုးသား တယောက်ကို လူတစ်စုက ဖေဖော်ဝါရီ ၂၂ ရက် ဒီနေ့ခင်းက နေအိမ်အတွင်းဝင်ရောက်ကာ သေနတ်နဲ့ ပစ်ခတ်သတ်သွားတယ်လို့ ဒေသခံတွေထံကသိရပါတယ်။
ပစ်ခတ်ခံရသူဟာ မှော်ဝမ်း ရပ်ကွက်(၅)အိမ်အမှတ် (၁၀၉)က အိမ်ပိုင်ရှင် အသက် ၄၉ နှစ်အရွယ် ဦးသန်းစိုးနိုင်ဖြစ်ပါတယ်။
“အမည်မသိ လက်နက်ကိုင်လူ တစ်စုကသေနတ်နဲ့ လာပစ်သွားခဲ့တာပါ၊ ၅ ယောက်လာခဲ့တာ ဆိုင်ကယ် ၂ စီးနဲ့ ၂ ယောက်က အိမ်ထဲအထိ ဝင်ပစ်သွားတာ "လို့ ရပ်ကွက်အတွင်း နေထိုင်သူတစ်ဦး ပြောပါတယ် ။
ဦးခေါင်းမှာ ကျည်ဆန်ဖေါက်ဝင်ဒါဏ်ရာနဲ့ ပွဲချင်းပြီးသေဆုံးသွားပြီး ပစ်ခတ်သူဟာ ဘယ်အဖွဲ့အစည်းကဆိုတာမသိရသလို သေနတ်နဲ့ပစ်ခတ်ပြီးနောက် ထွက်ပြေး လွတ်မြောက်သွားတယ်လို့ ဒေသခံတွေထံကသိရပါတယ် ။