Home
မြန်မာသတင်း
သံတောင်မြို့သစ် ၁၃ မိုင်တွင် တိုက်ပွဲဖြစ်၊ ဒေသခံနေအိမ် ၈ လုံး မီးရှို့ဖျက်ဆီးခံရ
DVB
·
February 22, 2023
Thandaung fire

ကရင်ပြည်နယ်၊ သံတောင်မြို့သစ် ၁၃ မိုင်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီက ဒေသခံတွေရဲ့ နေအိမ် ၈ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သံတောင် PDF တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

သံတောင်မြို့အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ဒေသပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ကို ပိတ်ဆို့တိုက်ခိုက်ဖို့ ထွက်လာချိန် မနေ့ ဖေဖော်ဝါရီ ၂၁ ရက် မနက် ၁၀ နာရီကျော်လောက်မှာ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးခဲ့ပြီး တချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ သံတောင်မြို့ ရပ်ကွက် ၅ ရှိ ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ခဲ့တာလို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၂၀ ရက် ညနေ ၃ နာရီကျော်ကလည်း Thandaung PDF အဖွဲ့က သံတောင်မြို့သစ်ရှိ ထွေအုပ်ရုံးကို စနိုက်ပါ၊ ၇၉၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထွေအုပ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး သေဆုံးပြီး စစ်ကောင်စီတပ်သား ၂ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သံတောင် PDF က သတင်းထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီ ၄ ရက်နေ့ကလည်း သံတောင်မြို့ ပြည်သူ့ဆေးရုံရှေ့မှာ ဘောဂလိဘက်ကနေ ပြန်လာတဲ့ စစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၃၆ ဦး သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခု နိုဝင်ဘာလကုန်ပိုင်းကစပြီး အခု ၂၀၂၃ ခု ဖေဖော်ဝါရီ ၂၁ ရက်အထိ သံတောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၅၅ ဦး သေဆုံးပြီး အယောက် ၄၀ လောက် ဒဏ်ရာရရှိကြောင်း ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024