မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ နန္ဒာတောင်ရွာ ဘုရားနှစ်ဆူအနီးက အထည်ဂိုဒေါင် တလုံးမှာ ဖေဖော်ဝါရီ ၂၁ ရက် ည ၇ နာရီခွဲလောက်က မီးစတင်လောင်ကျွမ်းခဲ့ပြီး Level 2 အဆင့် မီးသတ်ယာဉ်တွေနဲ့ မီးငြှိမ်းသတ်ခဲ့တာကြောင့် ဖေဖော်ဝါရီ ၂၂ ရက် မနက် ၁၂ နာရီခွဲလောက်မှာ မီးငြိမ်းသွားတယ်လို့ မန္တလေးတိုင်းမီးသတ်ဌာနကနေ သိရပါတယ်။
မန္တလေးအခြေစိုက် လူမှုကူညီရေးအသင်းတာဝန်ရှိသူက “ရွှေကျင်ကွက်သစ်မြောက်ဘက်က အထည်ဂိုဒေါင်မှာ လောင်တာပါ။ ဘေထုပ်အထည်တွေ၊ ဘယ်ကစလောင်တာလဲ အခုမနက် စပြီး စုံစမ်းနေပါပြီ။ ညက မီးငြှိမ်းသတ်နိုင်ရေးအတွက်ပဲ ကြိုးစားနေကြလို့ပါ။ မီးခိုးမွှန်တာတို့ ထိခိုက်ဒဏ်ရာ ရတာတို့တော့ အနည်းအကျင်း ရှိပါတယ်။ ဒီနှစ်ထဲ အချိန်အကြာဆုံး လောင်ကျွမ်းမှုလို့ ပြောလို့ရတယ်။ အထည်တွေ အထုပ်လိုက်တွေဆိုတော့ မီးလောင်မှု အားကောင်းနေတာ” လို့ ပြောပါတယ်။
မီးလောင်မှု အားကောင်းနေတာကြောင့် စတင်လောင်ကျွမ်းပြီး ၁၀ မိနစ်အကြာမှာ Level 2 အဆင့်ကို တန်းခေါ်လိုက်ရကာ မန္တလေးတိုင်းက သန္ဓေအရန်မီးသတ်ဝန်ထမ်းတွေ၊ မီးသတ်ယာဉ်တွေနဲ့ လူမှုကူညီရေးအသင်းတွေ ပူးပေါင်းငြှိမ်းသတ်ခဲ့ကြလို့ ည ၁၁ နာရီခွဲမှာ မီးထိန်းနိုင်ပြီး ည ၁၂ နာရီခွဲမှာ ငြိမ်းသွားတာပါ။
မီးစတင်လောင်ကျွမ်းရတဲ့အကြောင်းရင်းနဲ့ ပျက်စီးဆုံးရှုံးမှု ပမာဏကို သိရဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက တွက်ချက်နေဆဲ ဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၂၁ ရက် တရက်တည်းမှာ မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ်၊ မဟာအောင်မြေမြို့နယ်နဲ့ အောင်မြေသာစံမြို့နယ်မှာ မီးလောင်ကျွမ်းခဲ့ပြီး ပုသိမ်ကြီးမီးလောင်မှုက ပျက်စီးဆုံးရှုံးမှု အများဆုံးဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၂၀ ရက် ညပိုင်းကလည်း မန္တလေး၊ အောင်မြေသာစံမြို့နယ်မှာ မီးလောင်မှုကြောင့် အဆောက်အဦ ၂ လုံးပျက်စီးကာ လူ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။