ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း၊ ငန်းချောင်းကျေးရွာမှာ ဖေဖော်ဝါရီ ၂၁ ရက် နေ့လယ်ပိုင်းက ကျပ်သိန်း ၉,၅၀၀ ကျော်တန်ဖိုးရှိ WY စိတ်ကြွမူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ကနေ သိရပါတယ်။
မနေ့ နေ့ခင်းပိုင်းက ကြိုတင်သတင်းရလို့ အမှတ် ၁ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ရဲမှူးငြိမ်းချမ်းအောင် ဦးစီးပြီး တပ်ဖွဲ့ဝင် ၂၅ ယောက် ပါဝင်တဲ့အဖွဲ့က မောင်တောမြို့နယ် ငန်းချောင်ကျေးရွာရှိ နုရ်ဘော်ရှောရဲ့ နေအိမ်ကို သွားရောက်ရှာဖွေခဲ့ရာမှ နေအိမ်အပေါ်ထပ် အိပ်ခန်းအတွင်းက WY စိတ်ကြွမူးယစ်ဆေးပြား စုစုပေါင်း ၄၇၇,၇၅၀ ပြား ကာလတန်ဖိုး ၉၅၅,၅၀၀,၀၀၀ ကျပ်ဖိုး ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။
နယ်ခြားစောင့်ရဲတပ်ဖွဲ့ တာဝန်ရှိသူတဦးက “ငန်းချောင်းကျေးရွာက နေအိမ်တအိမ်မှာ မူးယစ်ဆေး အစုအပြုံလိုက် ရောက်နေတဲ့သတင်း အတိအကျရရှိတဲ့အတွက် သွားရောက်ရှာဖွေခဲ့ကြတာ။ ဆေးပြား ၄ သိန်းကျော် ဖမ်းမိခဲ့တယ်။ ကာလတန်ဖိုးအရဆို သိန်း ၉,၅၀၀ ကျော်မယ်” လို့ အတည်ပြု ပြောပါတယ်။
ဖမ်းဆီးရမိတဲ့ နုရ်ဘော်ရှောကို သက်သေခံ မူးယစ်ဆေးဝါးတွေနဲ့အတူ ငါးခူရနယ်မြေရဲစခန်းမှာ မူး/စိတ် ဥပဒေပုဒ်မနဲ့ အမှုဖွင့်ထားပြီး မူးယစ်ဆေးဝါး လုပ်ငန်းတွေရဲ့ နောက်ကွယ်ကလူတွေကိုလည်း ရှာဖွေဖော်ထုတ်ဖမ်းဆီးနိုင်ဖို့ ကြိုးစားနေတယ်လို့ တာဝန်ရှိသူတွေထံက သိရပါတယ်။