တနင်္သာရီတိုင်းအတွင်းရှိ ကရင်လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ ကေအန်ယူလက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ ကော်သူးလေအာမီ (KTLA) တို့အကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။
ကေအန်ယူ တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင်က ခေမာခီ ကျေးရွာအနီးမှာ မနေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ကေအန်အယ်အေတပ်ဖွဲ့နဲ့ ကော်သူးလေအာမီအကြား တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး ကော်သူးလေအာမီဘက်က ၃ ဦး သေဆုံးသွားသလို ကေအန်အယ်အေဘက်ကလည်း ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
မြိတ်-ထားဝယ်ခရိုင် မယ်သမီးခီးဒေသမှာ လှုပ်ရှားနေတဲ့ ကော်သူးလေအာမီအဖွဲ့ကို ကေအန်အယ်အေက လာရောက်ပစ်ခတ်ခဲ့တာလို့ KTLA တည်ထောင်သူ ဗိုလ်မှူးချုပ်စောနယ်ဒါးမြက ပြောပါတယ်။
“တိုက်ပွဲဖြစ်ရတဲ့ကြောင်းရင်းကို ကျနော်တို့ ပြောခဲ့ပြီး။ အဓိက အဲဒီနေရာမှာ စီးပွားရေးလုပ်စားနေကြတယ်။ အဲဒါကျနော်တို့ အဲမှာလှုပ်ရှားတော့ သူတို့က မကြိုက်ဘူး။ ကျနော်တို့ကို ထွက်ခိုင်းစေချင်တယ်။ ပြီးတော့ အဲဒီဒေသက ဧက ၂၀၀၀ ကျော်အတွင်း တိုက်ပွဲမဖြစ်ပွားစေချင်ဘူး။ ကျနော်တို့ အဲမှာသွားနေတော့ သူတို့ မျက်စိစူးတယ်။ သူတို့ စီးပွားရေး ဆက်လုပ်ချင်လို့ ကျနော်တို့ကို လာတိုက်တာ။”
အဆိုပါတိုက်ပွဲဖြစ်ပွားတဲ့နေရာမှာ မယ်သမီးခီးစက်မှုဇုန်နဲ့ နီးစပ်တဲ့နေရာ လမ်းတွေဖြစ်ပြီး ဒီတိုက်ပွဲအတွင်း တပ်ဖွဲ့ဝင် ၃ ဦး ကျဆုံးသွားခဲ့တယ်လို့လည်း ဗိုလ်မှူးချုပ်စောနယ်ဒါးမြက ပြောပါတယ်။
“ကျနော်တို့ တပ်ဖွဲ့၂ ယောက်မကဘူး ၃ ယောက်သေဆုံးသွားတယ်။ သူတို့က ကျနော်တို့ကိုလာ ပစ်တာ။ သူတို့လာပစ်မယ်လို့တောင် ကျနော်တို့မသိဘူး။ အနောက်ဘက်ကနေပြီး ရွာသားလိုနဲ့လာတာ။ ဒီမနက်လည်း ကျနော်တို့နေရာအသစ်တခုကို လာပစ်တယ်။ လက်နက်ကြီးတွေနဲ့ လှမ်းပစ်တယ်။”
ကေအန်ယူ တပ်မဟာ ၄ ထိန်းချုပ်နယ်မြေ ထီးမိုပွာဒေသမှာ ဖေဖော်ဝါရီ ၂၀ ရက် မနက်ပိုင်းက ကေအန်ယူ တပ်မဟာ ၄ တပ်ဖွဲ့ဝင်တွေနဲ့ ကော်သူးလေတပ်မတော်တို့ အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကေအန်ယူ တပ်မဟာ ၄ က ကော်သူးလေတပ်မတော် တပ်ရင်း ၁ နေရာကို သိမ်းပိုက်ခဲ့တယ်လို့ ကေအန်ယူ တပ်မဟာ ၄ ဘိတ်-ထားဝယ် အုပ်ချုပ်ရေးရုံးက ထုတ်ပြန်ပါတယ်။
ကေအန်ယူ တပ်မဟာ ၄ အခြေစိုက် ကရင်ဘာသာ ထုတ်ဝေတဲ့ ကွယ်ကလူသတင်းမှာတော့ ဒီတိုက်ပွဲမဖြစ်ပွားခင် တပ်မဟာ ၄ တပ်သား စောဘွဲကို ကော်သူးလေအာမီက ဖေဖော်ဝါရီ ၅ ရက်နေ့ကလာရောက်ဖမ်းဆီးခဲ့ကြောင်း အဲဒီတပ်သားကို တပ်မဟာ ၄ ဘက်က ပြန်လည် တောင်းခံခဲ့ပေမယ့် ပြန်လွှတ် မပေးခဲ့ကြောင်း ဖော်ပြထားပါတယ်။
အဲဒီတပ်သားကို ခေမာခီးမှာ ထိန်းသိန်းထားလို့ သိရတာကြောင်း အဲဒီတပ်သားကို ပြန်ရဖို့ သွားရောက်ကယ်ဆယ်ခဲ့တာလို့ ဖော်ပြထားပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကေအန်ယူတပ်မဟာ ၄ တာဝန်ရှိသူတွေကိုမေးမြန်းဖိုးကြိုးစားပေမယ့် ဆက်သွယ်လို့ မရရှိခဲပ့ါဘူး။
ပြီးခဲ့တ တပတ်တွင်း အဲဒီဒေသတဝိုက်သွားလာတဲ့ ကေအန်အယ်အေ အရာရှိတွေကို ကော်သူးလေအာမီက ပစ်ခတ်တိုက်ခိုက်ခဲ့လို့ အရာရှိ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကွယ်ကလူသတင်းမှာ ဖော်ပြပါတယ်။
ဗိုလ်မှူးချုပ်စောနယ်ဒါးမြကတော့ အဆိုပါလမ်းကို တော်လှန်ရေးအတွက် ပိတ်ထားပေမယ့် စစ်ကောင်စီအတွက် ရိက္ခာပို့ဆောင်ပေးနေတဲ့အတွက်ဘယ်သူဘယ်ဝါမှန်းမသိပဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
တနင်္သာရီတိုင်းအတွင်းရှိ ကရင်ပြည်သူလူထုတွေကတော့ ကရင်လက်နက်ကိုင်တပ်ဖွဲ့ အချင်းချင်းပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ ကော်သူးလေတပ်မတော် (KTLA) တို့ဘက်က တာဝန်ယူထားတဲ့ အမြင့်ဆုံးသော ပုဂ္ဂိုလ်တွေအနေနဲ့ အမြန်ဆုံး တွေ့ဆုံဆွေးနွေး အဖြေရှာကြဖို့ တောင်းဆိုထားပါတယ်။
ဘယ်ကရင်လက်နက်ကိုင်အဖွဲ့အစည်းကိုမဆို ရန်လိုသောစိတ်၊ အနိုင်အထက်စီးနင်လိုသောစိတ်၊ ကရင်အမျိုးသားတွေနဲ့ မြန်မာပြည်သူအားလုံးရဲ့ အကျိုးကို လစ်လျူရှုပြီး မိမိပုဂ္ဂလိကနဲ့ သက်ဆိုင်ရာအဖွဲ့ငယ်တို့ရဲ့ အကျိုးစီးပွားကိုသာ ကြည့်ရှုတဲ့ ခေါင်းဆောင်တွေကိုလည်း ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်းလည်း တနင်္သာရီကရင်လူထုတွေက ထုတ်ပြန်ထားပါတယ်။
ပဋိပက္ခကြီးထွားလာပါက၊ ကရင်အမျိုးသားအတွင်းသာမက ကရင်မဟုတ်တဲ့ လူမျိုးစုတွေအကြား မလိုလားအပ်တဲ့ တင်းမာမှု၊ မုန်းတီးမှုတွေဖြစ်ပေါ်လာစေနိုင်ပြီး ပြည်သူလူထု အကြား စိတ်ဝမ်းကွဲမှု၊ မယုံကြည်မှုတွေကိုလည်းဖြစ်ပေါ်စေနိုင်တယ်လို့လည်း ကရင်လူထုက သတိပေးထားပါတယ်။