ပြီးခဲ့တဲ့တနှစ်ကျော်တုန်းက စစ်ဘေးရှောင်ဘဝကို ခဏတာ ဖြတ်သန်းခဲ့ဖူးတယ်။ ၂၀၂၁ ဒီဇင်ဘာ ၁၄ ရက်ကနေ ၂၃ ရက်နေ့အထိ ဆယ်ရက်တာခရီးကြမ်းဆိုတော့ စစ်ဘေးရှောင်ဘဝ ဘာလဲဆိုတာကို သိရှိခံစားနိုင်တဲ့အဆင့် ဖြတ်ခဲ့ဖူးတယ်လို့ ဆိုနိုင်ရဲ့။
၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်မှာ အကြမ်းဖက်စစ်တပ်က မြဝတီမြို့နယ်ထဲက ကေအန်ယူ ထိန်းချုပ်နယ်မြေ လေးကေ့ကော်မြို့သစ်ကို စစ်ကြောင်းထိုး ဝင်စီးခဲ့တယ်။ လေးကေ့ကော်မှာက မြို့ပြအသီးသီးကနေ ထွက်ပြေးတိမ်းရှောင်လာသူက များများ၊ ဒေသခံတွေက ပါးပါး။ ကျနော်တို့ ထွက်ပြေးတိမ်းရှောင်လာသူတွေထဲ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ၊ လွှတ်တော်အမတ်တွေ၊ ဂျာနယ်လစ်တွေနဲ့ PDF ထောက်ပို့ရဲဘော်တွေက အမြဲနေ လေးကေ့ကော်ဧည့်တွေ။ ကျနော်တို့အပြင် လေးကေ့ကော်မှာ တထောက်နားအဖြစ် သွားလိုက်ပြန်လိုက်တွေကလည်း ရှိသေး။ သူတို့ကတော့ လေးကေ့ကော် နောက်ကျောက ဒေါနတောင်တန်းတွေပေါ် စစ်သင်တန်းလာတက်ပြီး မြို့ပြပြန် ပြောက်ကျားစစ်ဆင်ရေး ဆင်နွှဲကြတဲ့ လူငယ်တွေနဲ့ တောထဲမှာ အမြဲတမ်း PDF အဖြစ်နေဖို့ ရောက်လာပြီး လေးကေ့ကော်မှာ ခဏဝင်ခိုနေသူတွေ။ ပြီးတော့ ထိုင်းနိုင်ငံ၊ မဲဆောက်ကိုကူးဖို့ လေးကေ့ကော်မှာ တထောက်နား၊ ဟိုဘက်ကမ်းကူးဖို့ အချိတ်အဆက် ရှာနေကြသူတွေလည်း ရှိရဲ့။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ မြို့ပြကရောက်လာသူတွေကို လေးကေ့ကော်ဒေသခံတွေက တိမ်းရှောင်လို့ပဲ သိမ်းကျုံးခေါ်တယ်။
ဒီဇင်ဘာ ၁၄ ရက်မှာ စစ်ကြောင်းထိုးလာတော့ ကျနော်တို့ တိမ်းရှောင်တွေက တိမ်းရှောင်ဘဝကနေ စစ်ရှောင်ဒုက္ခသည်အဖြစ်သို့ ချက်ချင်းရောက်သွားတယ်။ တချို့က လေးကေ့ကော်နဲ့ မျက်နှာချင်းဆိုင်က ထီးမယ်ဝါးခီးရွာထဲ ဝင်ခိုပြီး စောင့်ကြည့်တယ်။ အခြေအနေမကောင်းရင် ထီးမယ်ဝါးခီးကနေ ကား မိနစ် ၂၀ ကျော် မောင်းရင်ရောက်တဲ့ ဖလူး။ ဖလူးဆိုတာက သောင်းရင်းမြစ်နံဘေးရွာမို့ အရေးပေါ်လာရင် ချက်ချင်း မြစ်ဟိုဘက်ကမ်း ကူးနိုင်တာကြောင့် စိတ်ချရတဲ့နေရာ။
ဒါပေမဲ့ ထီးမယ်ဝါးခီးရွာက လေးကေ့ကော်နဲ့ကပ်လျက် အချိန်မရွေး စစ်တပ်ဝင်စီးနိုင်တာမို့ စိတ်မချရ။ ဒါ့ကြောင့် ကျနော်တို့ တိမ်းရှောင်အများစုက လေးကေ့ကော်နောက်ကျောက ဒေါနတောင်တန်းပေါ် တက်ပြေးကြတယ်။ ပထမ လေးကေ့ကော်ကနေ တောလမ်းအတိုင်း ကားနဲ့ ၁၅ မိနစ်ကျော် တက်လိုက်ရင် ရောက်တဲ့ လင်းယုန် PDF စခန်း ရောက်ရှိ။ လင်းယုန်စခန်းက လေးကေ့ကော်နဲ့ သိပ်နီးနေတာမို့ စိတ်မချရလို့ဆိုပြီး နောက်တနေရာဆီ ချက်ချင်းရွှေ့ရပြန်တယ်။
နောက်တနေရာက တတောင်တက် တတောင်ဆင်းနဲ့ ၄ နာရီကျော် ခြေလျင်ခရီးနှင်မှရောက်တဲ့ စမ်းချောင်းစခန်း။ စမ်းချောင်းစခန်းက တောင်ပတ်လည်ဝန်းရံနေပြီး စခန်းရဲ့နောက်ကျောမှာ စမ်းချောင်းရှိတာမို့ သဘာဝအလှတွေ ရံထားနေပေမဲ့ ဝရုန်းသုန်းကားပြေးလာရတဲ့ ကိုယ်တွေက ဘယ်ခံစားနိုင်ပါ့မလဲ။
ပထမရက်မှာ စစ်ရှောင်တွေ ၅၀၀ ကျော်သာရှိပေမဲ့ နောက်ရက်တွေမှာ ဆက်တိုက် ထပ်ရောက်လာတာမို့ သေနတ်နည်းနည်းနဲ့ PDF ရဲဘော်တွေက ၅၀၀ ကျော်၊ စစ်ဘေးရှောင် ၁,၀၀၀ ဝန်းကျင်။ ရှိတာမှ ခြေတံရှည်ကရင်အိမ် ၄ လုံးနဲ့ အိမ်သာ ၄ လုံးဆိုတော့ သက်ကြီးရွယ်အိုတွေကလွဲ အများစုကတော့ မြေကြီးပေါ် တာလပတ်လေးခင်းကာ အိပ်ကြရတယ်။
ကျနော်တို့က ခြေတံရှည်အိမ်အောက်က မြေကြီးပေါ် နေရာရတယ်။ ဒေါနတောင်တန်းပေါ်က ဆောင်းဒီဇင်ဘာမို့ အအေးဓာတ်က အရိုးထိစိမ့်နေအောင် ကိုက်ခဲလှတယ်။ ကျနော့်မှာ အနွေးထည်ပါလာပေမဲ့ စောင်မရှိ။ ချမ်းလွန်းလို့ ခဏအိပ်ပျော်လိုက် ပြန်နိုးလိုက်။ မနက် ၃ နာရီကျော်လာရင် ဘယ်လိုမှ မအိပ်နိုင်တော့လို့ (အိပ်ချင်နေပေမဲ့) မီးထလှုံရတော့တယ်။ ကိုယ့်ထက်ပိုချမ်းပြီး ကိုယ့်ထက်အရင် မအိပ်နိုင်တော့လို့ ထမီးဖိုကာ မီးလှုံနေသူတွေက ပုံမှန် သုံးလေးယောက်ရှိနေလို့ ဘယ်တော့မှ မီးဖိုရတယ်မရှိ။ ကော်ဖီမစ်တခွက်လောက် သောက်ချင်ပေမဲ့ ကော်ဖီမစ်မရှိလို့ အဖန်ခြောက်ပါးပါးထည့်ထားတဲ့ ရေနွေးကြမ်းပူပူကိုသာ မှုတ်သောက်ရတယ်။
အိမ်တွေရဲ့အရှေ့မှာက ကွင်းပြင်ကျယ်။ တောလမ်းမောင်းနိုင်တဲ့ကားတွေ ဝင်လာတာနဲ့ ဖုန်ထောင်းထောင်းထ။ နောက်တရက် ဒီဇင်ဘာ ၁၅ ရက်ကစလို့ လေးကေ့ကော်စစ်ရှောင်တွေ တသုတ်ပြီးတသုတ် ကားတွေ၊ ခြေလျင်တွေနဲ့ ရောက်လာတာမို့ ဖုန်တွေလည်း တသုတ်ပြီးတသုတ် ထောင်းထောင်းကိုထနေရော။
လူ ၁,၅၀၀ ကျော်ကို PDF ရဲမေတွေက ဦးဆောင်ပြီး ထမင်းချက်ကျွေးတယ်။ PDF ရဲမေတွေထဲ ထမင်းဆိုင်တွေမှာ လုပ်ခဲ့ဖူးတဲ့သူတွေနဲ့ အများစာ ချက်ဖူးပြုတ်ဖူးတဲ့သူတွေက ဦးဆောင်ကြတာတဲ့။ စားဖိုဆောင်တာဝန်ကျတဲ့ PDF ရဲဘော်တွေက ရဲမေတွေ ခိုင်းသမျှလုပ်။ မနက်စောစော အဆာပြေတနပ် ဈေးပေါတဲ့ငါးခြောက်တွေ၊ ငရုတ်သီးခပ်စပ်စပ်တွေနဲ့။ ပြီးတော့ နေ့ခင်းစာနဲ့ ညစာ ဈေးပေါပေါနဲ့ စားကောင်းအောင် ချက်ပြုတ်ကျွေးမွေးကြရှာတယ်။
အဲဒီထမင်းဟင်းအတွက် ဘယ်အဖွဲ့အစည်းက ပိုက်ဆံထုတ်ပေးသလဲ ဆိုတာကိုတော့ ကျနော် အခုထိမသိဘူး။ NUG ရန်ပုံငွေလား၊ ကေအန်ယူကပဲ စိုက်ထုတ်ပေးသလား။ ထင်ရှားတဲ့ NLD အမတ်တွေကပဲ အလှူခံ ရန်ပုံငွေရှာပေးသလား ကျနော်မသိ။ ဒါပေမဲ့ စမ်းချောင်းစခန်းကို ရောက်သွားတဲ့အချိန်မှာ ဖြစ်သလို ထမင်းနဲ့ဟင်း ညမနက် မမှန်မှာ လုံးဝတွေးမပူမိခဲ့ဘူး။ ၂ ရက် ၃ရက်အတွင်း လူ ၁,၅၀၀ ဝန်းကျင် ဖြစ်သွားပေမဲ့ အချိန်တန်ရင် ဖြစ်သလို ထမင်းနဲ့ဟင်း စားရမှာပဲဆိုတဲ့ အသိက ရှိနေတော့ အေးဆေး။ မနက်ခင်းမှာ တာဝန်ပေးတဲ့ မြက်ရှင်း၊ ဝါးသယ်အလုပ်ကို လုပ်ပြီး နေ့ခင်းဘက် PDF တွေဆီကနေ စာအုပ်ငှားကာ သိပ်မမြင့်တဲ့ တောင်ကုန်းတခုပေါ် တက်၊ အရိပ်ကောင်းတဲ့ တနေရာမှာ စာဖတ်မပျက်။
ဘာ့ကြောင့် စာဖတ်မပျက်သလဲလို့ နောက်ပိုင်း ပြန်တွေးကြည့်တော့ ထမင်းနပ်မှန်နေတာ အပြင် လုံခြုံရေးအရလည်း စိတ်ချတာကြောင့်လို့ အဖြေထွက်တယ်။ ကျနော့်စိတ်ထဲမှာ ဒီလောက် ခပ်နက်နက်စခန်းအထိ အကြမ်းဖက်စစ်တပ် ရောက်မလာလောက်ဘူးလို့ တွက်တယ်။ နောက်ဆုံး ရောက်ခဲ့တယ်ဆိုရင်တောင် ကိုယ့်လူတွေအများကြီးမို့ အသတ်ခံရတောင် အဖော်အပေါင်းတွေနဲ့ အားရှိရှိသေရမှာမို့ မကြောက်။
ပြီးတော့ ဘယ်နေ့၊ ဘယ်ရက်လို့ အပြတ်မပြောနိုင်သေးပေမဲ့ အချိန်တန်ရင် လေးကေ့ကော် ပြန်ရမှာပဲလို့ စိတ်ထဲထင်မိတယ်။ ကျနော်တို့ တိမ်းရှောင်တွေရဲ့စိတ်ထဲ လေးကေ့ကော်မှာ နေချင်စိတ်က ကဲနေလို့ပဲလား မပြောတတ်။ စစ်တပ်က လေးကေ့ကော် ဝင်စီးလည်း ခဏ၊ အချိန်တန်လို့ စစ်တပ်ပြန်ဆုတ်ရင် ကျနော်တို့လည်း လေးကေ့ကော်မှာ ပြန်နေကြရမှာပဲလို့ စိတ်ကူးယဉ်ခဲ့ကြတယ်။ ဘာပဲဖြစ်ဖြစ် လေးကေ့ကော်ဆိုတာက ကိုယ့်ရဲ့အိမ်။ လေးကေ့ကော်ကနေ ဂျာနယ်လစ်အလုပ်ကို ကောင်းကောင်းလုပ်နိုင်တာမို့ လေးကေ့ကော် ပြန်ရောက်ခြင်းဟာ ကိုယ့်အလုပ် ကိုယ်ပြန်လုပ်နိုင်ခြင်း ဖြစ်တာကြောင့် အခုလို ခဏတဖြုတ် အထိုင်ပျက်သွားပေမဲ့ ကိုယ့်အနာဂတ် မပျက်သွားဘူးလို့ အထင်ရောက်ကာ ကျနော် စာဖတ်မပျက်တာလို့လည်း ထင်မိတယ်။ ဒီလို ရခဲလှတဲ့ စစ်ရှောင်ဘဝ တချိန်မှာ စာပြန်ရေးနိုင်မယ်လို့လည်း တွေးကာ အခုလည်း စာတကယ်ပြန်ရေးနိုင်ခဲ့တယ်။ ပြောရရင် ကျနော်တို့ လေးကေ့ကော် တိမ်းရှောင်တွေရဲ့ စစ်ရှောင်ဘဝဟာ စစ်ရှောင်ဒုက္ခကို ခံစားရတာကလွဲ အထိုင်မပျက် အခြေမပျက် ဘဝမပျက်ဘူးဆိုတဲ့ ခံစားမှုတွေ တထွေးကြီးနဲ့။
သိပ်မကြာခင်မှာ စစ်ဘေးရှောင်ဘဝကို ကျနော်တို့ နိဂုံးချုပ်ခဲ့ရပေမဲ့ နောက်ဆုံးတော့ လေးကေ့ကော်ကို ကျနော်တို့ စိတ်ဒုန်းဒုန်းချ စွန့်ခဲ့ရတယ်။ ရင်နာစရာ စစ်ရှောင်ဘဝကို ဆက်လက်အဓွန့်ရှည်သွားရရှာတာက လေးကေ့ကော် ဒေသခံတွေပါ။ သောင်ရင်းမြစ်ဟိုဘက် ထိုင်းဘက်ခြမ်း စစ်ဘေးဒုက္ခသည်ဖြစ်လိုက်၊ ဒီဘက်ကမ်းပြန်ရောက် စစ်ရှောင်စခန်းမှာ ကိုယ့်အိမ်ပြန်ရောက်မယ့်ရက် မသေချာ အငုတ်တည်လိုက်။ ဘာပဲဖြစ်ဖြစ် နယ်စပ်ဒေသ စစ်ရှောင်စခန်းတွေရဲ့ အားသာချက်က နယ်စပ်ဖြတ်ကျော် အလှူရှင်အဖွဲ့အစည်းတွေ အထိုက်အလျောက် ရှိတာကြောင့် ဖြစ်သလို ထမင်းဟင်း နပ်မှန်အောင် စခန်းတာဝန်ရှိသူတွေက ဖန်တီးပေးထားနိုင်ခြင်းပါပဲ။ ဒါတောင် နှစ်နဲ့ချီကြာလာတော့ ရန်ပုံငွေ အခက်အခဲမျိုးစုံကို ရင်ဆိုင်နေရပြီး ဘယ်နေ့ငတ်မလဲဆိုတာ စစ်ရှောင်တွေကိုယ်တိုင် တွေးပူကြရတယ်။
လက်ရှိမှာ အဆိုးရွားဆုံး အခြေအနေနဲ့ ရင်ဆိုင်နေရတာကတော့ စစ်ရှောင်စခန်းရယ်လို့လည်း သေချာမရှိ၊ နိုင်ငံတကာ အထောက်အပံ့ဆိုတာ လုံးဝမရှိ။ ဒေသခံ စစ်ရှောင်ကူညီရေးအဖွဲ့တွေရဲ့ စွမ်းသလောက် ရုန်းကန်ပံ့ပိုးမှုကိုသာ အားပြုနေရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက စစ်ရှောင်တွေပါပဲ။ စစ်တပ်ရဲ့ ကျည်ဆန်တွေက သူတို့ပြေးရာနောက် တကောက်ကောက်လိုက်နေလို့ အချိန်မရွေးသေနိုင်တယ်။ သူတို့စစ်ရှောင်တွေထဲက များစွာသော စစ်ရှောင်တွေဟာ စစ်တပ်မီးရှို့လို့ အိုးမဲ့အိမ်မဲ့ အဝတ်တထည် ကိုယ်တခု ဘဝတွေမို့ မနက်ဖြန် ဘာနဲ့စားမလဲ ဆိုတာကိုတောင် အဖြေမရှိရှာပါဘူး။
ပြောရရင် အစာအိမ်ဟောင်းလောင်းနဲ့ သေလမ်းနဲ့လည်းနီး၊ ဘဝဟာ ဘာမှမကျန်တော့အောင် ပျက်လို့ ခိုးကိုးရာမဲ့ စစ်ရှောင်တွေက စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာ လက်ညှိုးထိုးမလွဲလောက်အောင် များလာတယ်။ သူတို့ခမျာ အိမ်မဲ့ အိမ်မဲ့ ဖြစ်နေတာတောင် စစ်တပ်လာပြီဆို ထွက်ပြေးရတယ်။ အိုးအိမ်မဲ့ဘဝကို အကာအကွယ် နည်းနည်းရရုံ ထန်းရွက်ကာ တဲလေးတွေကိုတောင် စစ်တပ်က မီးထပ်ရှို့သွားသေးတယ်ဆိုတော့ ထပ်ဆိုစရာ စကားမရှိ။
အဲဒီလို အိုးအိမ်မဲ့စစ်ရှောင်တွေက တနှစ်လောက်ကြာ၊ စစ်ကိုင်းတိုင်းအတွင်း ထုနဲ့ထည်နဲ့ ဖြစ်လာခဲ့သလို ဒီလိုစစ်ရှောင်ဘဝက ဘယ်တော့ပြီးမလဲ ဆိုတော့လည်း ပြောရခက်။ သူတို့ ဘယ်လိုရှေ့ဆက်ကြမလဲ။ သူတို့ရှေ့ဆက်နိုင်အောင် ဘယ်လိုတွေ ကူထမ်းကြမှာလဲ။ စနစ်တကျ အစီအမံ၊ စနစ်တကျ ကွပ်ကဲမှုနဲ့ အရေးပေါ်အကူအညီပေးရေး ကျနော်တို့ ဘယ်လိုတွေ ရှေ့ဆက်ကြမှာလဲ။
ကျနော်တို့ ကျော်ချလိုက်လို့မရ။ ကျနော်တို့ အရေးပေါ်စဉ်းစားကြဖို့ အရေးပေါ်လိုအပ်နေတာ သေချာပါတယ်။
ထွန်းလင်း