စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ထီးချိုင့်မြို့နယ်ရဲ့ ၉၈ ရာခိုင်နှုန်းကို NUG အစိုးရရဲ့ရဲ့ လမ်းညွန်မှုနဲ့ ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နေပြီလို့ မြို့နယ် ပ.က.ဖ တာဝန်ခံက ပြောပါတယ်။
ဧရာဝတီမြစ်အရှေ့ခြမ်းက မြတောင်နဲ့ မောင်းကုန်းကျေးရွာအုပ်စုနဲ့ ထီးချိုင့်မြို့ပေါ်က ရပ်ကွက် ၅ ရပ်ကွက်တွေမှာတော့ ပြည်သူ့အုပ်ချုပ်ရေး မဆောင်ရွက်နိုင်သေးဘူးလို့ သိရပါတယ်။
၂၀၁၉ ခုနှစ်စာရင်းအရ ထီးချိုင့်မြို့နယ်မှာ မြို့ပေါ်ရပ်ကွက် ၄ ရပ်ကွက်၊ ကျေးရွာအုပ်စု ၂၉ စုနဲ့ ရွာပေါင်း ၁၁၉ ရွာ ရှိနေတာပါ။
ပ.က.ဖ တာဝန်ခံက “မြို့ပေါ်ရပ်ကွက်တွေကော ကျေးရွာတွေမှာ စကစတွေ အင်အားအများအပြား နဲ့ အထိုင်ချတော့ မလွမ်းခြုံနိင်သေးဘူး။ မြို့နယ်တစ်ခုလုံးအနေနဲ့ဆိုရင် ဒီနေရာတွေကလွဲပြီး အင်အားအပြည့်နဲ့ ပြည်သူ့အုပ်ချုပ်ရေးဆောင်ရွက်တာ အားကောင်းတယ်လို့ ပြောရမယ်။ ရာခိုင်းနှုန်းနဲ့ဆိုရင် ၉၈ ရာခိုင်နှုန်းတော့ ဆောင်ရွက်နိင်နေပြီ ”လို့ ဆိုပါတယ်။
အုပ်ချုပ်ရေးမဆောင်ရွက်နိုင်တဲ့ ကျေးရွာတွေနဲ့ ထီးချိုင့်မြို့ပေါ်ကလွဲပြီး ကျန်တဲ့ဒေသတွေမှာ NUG လမ်းညွှန်မှုနဲ့ အုပ်ချုပ်ရေးဌာနတွေ ဖွဲ့စည်းပြီး ကျန်းမာရေး၊ ပညာရေးဌာနတွေလည်း လည်ပတ် နေပြီလို့လည်း သိရပါတယ်။
ထီးချိုင့်မြို့နယ်ထဲက ပြည်သူ့အုပ်ချုပ်ရေးဆောင်ရွက်နေတဲ့ ကျေးရွာတွေကို စစ်ကောင်စီက အင်အားအများအပြားနဲ့ မကြာခဏ စစ်ကြောင်းထိုးလေ့ရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ကလည်း အစွမ်းကုန်ပြန်လည်ခုခံလေ့ရှိပေမဲ့ အင်အားမမျှတဲ့ အခြေအနေတွေမှာ နောက်ဆုတ် ပေးခဲ့ရပြီး ကျေးရွာပြည်သူတွေအနေနဲ့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် ရလေ့ရှိတယ်လို့ သိရပါတယ်။
ပြည်သူ့အုပ်ချုပ်ရေးဆောင်ရွက်တဲ့ ဒေသတွေမှာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဆေးဝါးအကူအညီနဲ့ ဆေးဝါးကျွမ်းကျင်တဲ့ ဝန်ထမ်းလိုအပ်ချက်တွေတော့ရှိနေတယ်လို့ ပ.က.ဖတာဝန်ရှိသူ တဦးက ပြောပါတယ်။
“ကျန်းမာရေးနဲ့ပတ်သက်ပြီးအခက်အခဲတွေရှိတယ်၊ လိုအပ်ချက်တွေ အများကြီးရှိတယ်၊ မြို့နယ် တစ်ခုလုံးမှာ ဆရာဝန်က နှစ်ယောက်ပဲရှိတာ၊ ကျန်းမာရေးလုပ်သား လိုအပ်မှုတွေရှိတာပေါ့၊ ဆေးဝါးတွေကော လိုအပ်မှုတွေ အများကြီးပဲ၊ စစ်ကြောင်းထိုးလို့ ကျေးရွာကပြည်သူတွေ ထွက်ပြေးတိမ်းရှောင်ရတဲ့ အချိန် ဆေးဝါးအခက်အခဲတွေ အများကြီးရှိတယ်”
စစ်ကောင်စီစစ်ကြောင်းထိုးတဲ့အချိန် ကောင်းမွန်စွာ ဟန့်တားနိင်ဖို့လည်း ခေတ်မီလက်နက်ခဲယမ်း တွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။
ထီးချိုင့်မြို့နယ်အတွင်း အာဏာသိမ်းမှု ၂ နှစ်တာ ကာလအတွင်း ပြည်သူပေါင်း ၂၁ ဦး စစ်ကောင်စီတပ်သားတွေ သတ်ဖြတ်ရသလို ပ.က.ဖ တပ်ဖွဲ့ဝင် ၆၅ ဦး သေဆုံးခဲ့တယ်လို့ သိရပြီး စစ်ကြောင်းတွေ မီးရှို့တာကြောင့် နေအိမ် ၁၅၀၀ ဝန်းကျင် ပျက်စီးခဲ့တယ်လို့ မြို့နယ် ပ.က.ဖက သိရပါတယ်။
ထီးချိုင့်မြို့နယ်ထဲ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ ဦးဆောင်မှုနဲ့ အခြေခံပညာ စာသင်ကျောင်း ၁၀၅ ကျောင်းနဲ့ ကျေးလက်ဆေးခန်း ၁၈ ခု ဖွင့်လှစ်ထားတယ်လို့ ထီးချိုင့်မြို့နယ် ပ.က.ဖ တာဝန်ရှိသူတွေကနေ သိရပါတယ်။