Home
မြန်မာသတင်း
ဒေသတခုတည်း လွတ်လပ်ရုံနှင့်မပြီးဘဲ တနိုင်ငံလုံးလွတ်လပ်မှသာ ဖက်ဒရယ်ခရီးကို လျှောက်လှမ်းနိုင်မည်ဟု NUG ပြော
DVB
·
February 23, 2024
NUG_23022024

မြန်မာ့နွေဦးတော်လှန်ရေးမှာ ဒေသတခုတည်း လွတ်လပ်တာနဲ့ မပြီးဘဲ တနိုင်ငံလုံး လွတ်လပ်မှသာ နောက်ကျောလုံလုံနဲ့ ဖက်ဒရယ်နိုင်ငံ တည်ဆောက်ရေးခရီးကို ဆက်ပြီး လျှောက်လှမ်းနိုင်မှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၂ ရက်က ပြုလုပ်တဲ့ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးမှာ ခုလိုပြောလိုက်တာဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စုကို အပြီးတိုင် ဖြိုလှဲနိုင်ဖို့ဆိုရင် ဒေသအသီးသီးက တိုင်းရင်းသား တော်လှန်ရေး အင်အားစုတွေနဲ့ လက်တွဲညီညီ လုပ်ဆောင်နိုင်မှသာ မျှော်မှန်းတဲ့ပန်းတိုင်ကို မြန်မြန်သွားနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီလိုလုပ်နိုင်ဖို့ကလည်း နိုင်ငံရေးသဘောတူညီမှုတွေ အပြီးပြတ်ဖြစ်မှပဲ လုပ်ဆောင်နိုင်မယ့် အခြေအနေမျိုး ဖြစ်တာကြောင့် သက်ဆိုင်တဲ့ Stakeholder တွေအကြားမှာ နိုင်ငံရေး သဘောတူညီချက်တွေ ရဖို့ကို NUG အစိုးရအနေနဲ့ ဦးစားပေး ဆောင်ရွက်နေပြီး တော်လှန်‌ရေးကာလ ရှည်ကြာလာတာမို့ ပြည်သူတွေရဲ့ တောင့်ခံနိုင်မှု အခြေအနေကိုလည်း အားလုံးသိရှိ နားလည်ပြီး တော်လှန်ရေးအရှိန်ကို ဆက်တွန်းကြရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ဖြစ်ပွားနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024