Home
မြန်မာသတင်း
ဖားကန့်တွင် ဆန်နှင့် စက်သုံးဆီဈေးနှုန်း အဆမတန် မြင့်တက်
DVB
·
February 18, 2023
331534817_2607398222733981_4664934054600748417_n

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ကို ဝင်ရောက်တဲ့ လမ်းပိုင်းတွေမှာ စစ်ကောင်စီက ဆန်နဲ့ စက်သုံးဆီ သယ်ယူရောင်းချခွင့်ကို ကန့်သတ်ပိတ်ဆို့ထားတဲ့အတွက် ဆန်ဈေးနူန်းနဲ့ စက်သုံးဆီဈေးနူန်းအဆမတန် မြင့်မားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖားကန့်မြို့နယ်ကို ဝင်ရောက်တဲ့ အင်းတော်ကြီး-ဖါးကန့်လမ်း    မိုးကောင်း -နန့်ယား-ဖါးကန့်လမ်းတွေမှာ ဆန်နဲ့ စက်သုံးဆီ တင်ဆောင်လာတဲ့ မော်တော်ယာဉ်တွေကို ပိတ်ပင်ထားတာကြောင့် ဆန်နဲ့ စက်သုံးဆီဈေး အဆမတန် မြင့်တက်သွားတာလို့ ဆိုပါတယ်။

ဒေသခံအမျိုးသားတဦးက "ဖားကန့် အဝင်လမ်းတွေမှာ ဆန်နဲ့ စက်သုံးဆီတင်ဆောင်လာတဲ့ ကားတွေကို နန့်ယားဂိတ်ကနေ အဝင်မခံတော့ဘူး။ ဆန်အဝင်မရှိတော့ ဆန်ဈေးအဆမတန် ခုန်တက်သွားတယ်၊  တပတ်နဲ့တပတ် ဆန်ဈေးကမတူဘူး အရမ်းခုန်တက်သွားတယ်" လို့  ပြောပါတယ်။

ဖားကန့်မြို့နယ်မှာ ဇန်နဝါရီလကုန်ပိုင်းက  ငွေတိုးဆန်တအိတ်ကို  ၇၀,၀၀၀ ကျပ် မှ ၇၅,၀၀၀ ကျပ်၊ ပေါ်ဆန်းမွေးတအိတ်ကို ၈၀,၀၀၀ မှ ၈၅,၀၀၀ ကျပ်သာရှိခဲ့ပြီး ဖေဖော်ဝါရီလလယ်ပိုင်းက စတင်ကာ ငွေတိုးဆန်တအိတ်ကို  ကျပ် ၉၀,၀၀၀ ဝန်းကျင်နဲ့ ပေါ်ဆန်းတအိတ် ကျပ် ၁၂၀,၀၀၀ ဝန်းကျင်ထိ ဈေးနူန်း မြင့်တက်ခဲ့ပါတယ်။

ဒေသခံ အမျိုးသမီးတဦးက "ပြီးခဲ့တဲ့ အပတ်တ်က ငွေတိုး ဆန်တအိတ်ဝယ်တာ ၇၀,၀၀၀ ကျော်ပဲကျတယ်။  မနေ့က ဆန်သွားဝယ်တော့ အရင် ၇၀,၀၀၀ ကျော်ပေးရတဲ့ ဆန်အိတ်က ၉၀,၀၀၀ နီးပါးဖြစ်သွားတယ်။ ဖားကန့်ကို ဆန်တင်ပို့ခွင့် ပိတ်ထားလို့ ဈေးတွေတက်တယ်လို့ ဆိုင်ရှင်ကတော့ပြောတယ်” လို့ ပြောပါတယ်။

ဖားကန့်မြို့နယ်အတွင်း ဆန် နဲ့ စက်သုံးဆီ သယ်ယူရောင်းချခွင့်ကို စစ်ကောင်စီက ပိတ်ပင်ထားတာကြောင့် ဆန်ဈေးနှုန်း မြင့်မားလာပြီး စက်သုံးဆီ ပန့်ဆိုင်အတော်များများ ပိတ်ထားရကာ လမ်းဘေးဆီဆိုင်တွေမှာ ဈေးနူန်းမြင့်မားစွာနဲ့ ဝယ်ယူသုံးစွဲနေရပါတယ်။

"ဆီအဝင်မရှိတော့လို့ဆိုပြီး ဆီပန့်ဆိုင် အတော်များများ ဖေဖော်ဝါရီ ၁၅ ရက်က စပြီးပိတ်ကြတယ်။ အချို့ဆိုင်တွေကလည်း လက်ကျန်ဆီကို အကန့်အသတ်နဲ့ အချိန်ပိုင်းလေး ရောင်းပေးနေတာရှိတယ်။ လမ်းဘေးဆိုင်လေးတွေ ဓာတ်ဆီ တပုလင်းကို ၄၀၀၀ လောက်နဲ့ ဝယ်သုံးနေရတယ်"  လို့ လုံးခင်းကျေးရွာ ဒေသခံတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် အောက်တိုဘာလပိုင်းကလည်း စစ်ကောင်စီက ဖားကန့်မြို့နယ်အတွင်း ဆန်နဲ့ စားသုံးဆီ သယ်ယူ သယ်ယူရောင်းချခွင့်ကို ပိတ်ပင်ခဲ့ပြီး သယ်ယူလာတဲ့ ကားတွေက ဆန်နဲ့ စားသုံးဆီတွေကို သိမ်းယူခဲ့ပါသေးတယ်။

ကချင်ပြည်နယ်အတွင်း ဖားကန့်မြို့နယ်နဲ့ တနိုင်းမြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ် (KIA) တို့ စစ်ရေးတင်းမာမှုတွေဖြစ်ပွားနေပြီး  စစ်ကောင်စီတပ်ထိုင်တဲ့ စစ်ဆေးရေးဂိတ်တွေမှာ ခရီးသွားပြည်သူတွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024