စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်တာကာလအတွင်း စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ထဲမှာရှိတဲ့ ကျေးရွာ ၅၀ က ဒေသခံတွေရဲ့ နေအိမ် ၃,၁၇၁ လုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော်က ဖေဖော်ဝါရီ ၁၆ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
အဲဒီစာရင်းတွေက ရေဦးမြို့နယ်ထဲမှာရှိတဲ့ ပကဖ၊ ပအဖ၊ PDF တွေက မြေပြင်ကွင်းဆင်းပြီး စာရင်းကောက်ယူထားတာဖြစ်ကာ အခုစာရင်းတွေမှာ မီးဖိုဆောင်၊ စတိုဆောင်၊ နွားတဲတွေ မီးရှို့ဖျက်ဆီးခံရတာကို ထည့်သွင်းထားတာ မရှိဘူးလို့လည်း ဆိုပါတယ်။
လက်ရှိမှာတော့ မြို့နယ်တွင်းကလူတွေက ကူညီလှူဒါန်းဖို့ လုံလောက်တဲ့ အနေအထား မရှိတာကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ အခက်အခဲတွေရှိနေပြီး မကြာခင်မှာလည်း နွေရောက်တော့မှာဖြစ်လို့ ပူပြင်းတဲ့ ဒေသဖြစ်တဲ့အတွက် အမိုးအကာတွေ လိုအပ်နေပြီး အဝေးရောက် ကင်းလွတ်နယ်မြေတွေမှာရှိတဲ့ ပြည်သူတွေက ကူညီလှူဒါန်းပေးဖို့ကိုလည်း မေတ္တာရပ်ခံထားပါတယ်။
ပြည်သူမှ ပြည်သူဆိုတဲ့ အစီအစဉ်မှာပဲ သက်ဆိုင်ရာ ဒေသခံ ကျေးရွာတွေကို တိုက်ရိုက်လှူလို့ရသလို မြို့နယ် လူသားစာနာတာဝန်ခံတွေကိုလည်း တိုက်ရိုက်ချိတ်ဆက်ပြီး လှူလို့ရတယ်လို့လည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။