Home
မြန်မာသတင်း
ရန်ကုန်တွင် လေပြင်းတိုက် သစ်ပင်လဲ၊ မိုးသီးကြွေ
DVB
·
February 17, 2023
331795138_1290397354855897_8809587178116532925_n
331757751_553144806786722_2409109442118196529_n
331737009_1611205725993828_9211310286106029985_n
331736225_1373996019832808_8084149848916705853_n
331691073_461658602758217_6987616724186723277_n

ရန်ကုန်မြို့မှာ ဖေဖော်ဝါရီ ၁၇ ရက် ဒီနေ့ နေ့ခင်းပိုင်းက မိုးရွာပြီး လေပြင်းတိုက်ခတ်တာကြောင့် မင်္ဂလာတောင်ညွန့်၊ သင်္ဃန်းကျွန်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) စတဲ့မြို့နယ်တချို့မှာ  သစ်ပင်လဲကျလို့ လမ်းပိတ်ဆို့တာတွေ ဖြစ်ခဲ့တယ်လို့ ယာဉ်မောင်းတွေနဲ့ ဒေသခံတွေက ပြောပါတယ်။

မင်္ဂလာတောင်ညွန့်မြို့နယ် ပုသိမ်ညွန့်ရပ်ကွက်၊ သမိန်ဗရမ်းလမ်းပေါ်မှာ သစ်ပင်လဲကျပြီး လမ်းပိတ်ဆို့ခဲ့သလို သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏ(၂၉)ရပ်ကွက်၊ မင်းဒင်(၈)လမ်းပေါ်မှာလည်း အလားတူဖြစ်ရပ် ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သစ်ပင်လဲကျတာကြောင့် အဲဒီမြို့နယ်တွေက မီးသတ်တပ်ဖွဲ့ဝင်တွေ ရှင်းလင်းလုပ်ငန်း လုပ်ဆောင်ခဲ့ပြီး အခုအခါမှာတော့ ပုံမှန်အတိုင်းသွားလာနိုင်ပြီဖြစ်ပါတယ်၊

ဒီနေ့ နေ့လယ်မှာပဲ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပုဇွန်တောင်၊ မြောက်ဒဂုံ၊ အရှေ့ဒဂုံ၊ မြောက်ဥက္ကလာပ၊ ဒေါပုံမြို့နယ်တို့မှာလည်း ရုတ်တရက် လေပြင်းတွေတိုက်ခတ်ကာ မိုးရွာ သွန်းခဲ့ပြီး မိုးသီးကြွေကျတာတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

"အသက် ၂၃ နှစ်အတွင်း ပထမဆုံးမြင်ဖူးတာပဲ။ ဒီနေ့တော့ တအုန်းအုန်းနဲ့ အသံကြားလို့ ကြည့်လိုက်မှ မိုးသီးတွေပါလာတာ။ လေလည်းတော်တော်တိုက်တယ်" လို့ သာကေတမြို့နယ်နေသူတယောက်က ပြောပါတယ်။

ရန်ကုန်တိုင်း မြို့နယ်တချို့မှာ မနေ့ညနေကလည်း မိုးရွာခဲ့သေးပြီး ဒီမတိုင်ခင်ရက်ပိုင်းကလည်း မနက်ဘက်တွေမှာ မြူတွေဆိုင်းနေခဲ့တာပါ။

အလားတူ ရန်ကုန် သာကေတမှာလည်း နေ့လည် ၁၂ နာရီလောက်က မိုးရွာပြီး လေပြင်းတိုက်ကာ မိုးသီးတွေကြွေကျခဲ့တယ်လို့ သိရပါတယ်။

ဘင်္ဂလားပင်လယ်အော်က လေနွေးတွေနဲ့ လေဖိအားကြီးဒေသက လေအေးတွေ တွေ့ဆုံတာကြောင့် ရန်ကုန်အပါအဝင် တိုင်းနဲ့ပြည်နယ်တချို့မှာ အချိန်အခါမဟုတ် မိုးရွာသွန်းတာ၊ မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ မိုးသီးကြွေတာတွေ ဖြစ်နိုင်တယ်လို့ မိုးဇလဌာနက ဖေဖော်ဝါရီ ၁၄ ရက်က ထုတ်ပြန်ထားပါတယ်။

PHOTO-FSD

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024