ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်လာပြီး မလေးရှားနိုင်ငံကို ဆက်သွားမယ့် မြန်မာနိုင်ငံသား ၁၃ ယောက်ကို ထိုင်းရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၁၆ ရက် မနက်အစောပိုင်းမှာ ဖမ်းဆီးလိုက်တယ်လို့ ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြပါတယ်။
သူတို့အုပ်စုကို ထိုင်းနိုင်ငံတောင်ပိုင်းနယ်စပ် ဆဒေါင်းခရိုင်ထဲက ကျေးရွာတရွာထဲမှာ ရဲတပ်ဖွဲ့ဝင်တွေ၊ စစ်တပ်နဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ ပူးပေါင်းပါဝင်တဲ့ ကင်းလှည့်တပ်ဖွဲ့က ဖမ်းမိခဲ့တာလို့ ရဲတွေက ပြောပါတယ်။
ဖမ်းမိသူတွေအားလုံးဟာ အမျိုးသားတွေဖြစ်ကြပြီး သူတို့ထဲက တယောက်က ပြောရာမှာတော့ ထိုင်းနိုင်ငံ၊ ပရာချွတ် ခီရိခန်ခရိုင်ထဲကို အယောက် ၃၀ ပါဝင်တဲ့ သူတို့အုပ်စုဟာ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာခဲ့ကြပြီး အဲဒီကမှတဆင့် ပစ်ကပ်ကား နှစ်စီးခွဲကာ ဆောင်ခလာခရိုင်၊ ဟက်ရိုင်မြို့ဆီ ပို့ဆောင်ခဲ့ပြီး အဲဒီမှာ တညအိပ်ပြီးမှ မလေးရှား-ထိုင်းနယ်စပ်ကို လာရောက်ခဲ့ကြတာလို့ ပြောပါတယ်။
စစ်ဆေးမေးမြန်းရာမှာတော့ သူတို့ဟာ မလေးရှားနိုင်ငံ၊ ပီနန်းနဲ့ တခြားဒေသတွေမှာ ငါးဖမ်းလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းစတဲ့ လုပ်ငန်းခွင်တွေမှာ အလုပ်ရဖို့အတွက် မြန်မာနိုင်ငံဘက်က ပွဲစားတွေကို ပွဲစားခ တယောက်ကို ဘတ် ၄၀၀၀၀ စီပေးခဲ့ကြရတယ်လို့ ဆိုပါတယ်။
လတ်တလောမှာတော့ သူတို့ကို လူဝင်မှုကြီးကြပ်ရေးရဲဌာနဆီ လွှဲပြောင်းစစ်ဆေးပြီး ဥပဒေကြောင်းအရ လိုအပ်တဲ့ အရေးယူ ဆောင်ရွက်မှုတွေ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး ခုလိုတရားမဝင်လမ်းကြောင်း ကနေ ဝင်ရောက်မှုမှာ ပါဝင်ပတ်သက်သူတွေကို စုံစမ်းဖော်ထုတ်သွားမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် စီးပွားရေးကျဆင်းပြီး အလုပ်အကိုင်ရှားပါး နေတာကြောင့် ထိုင်းနိုင်ငံကို မြန်မာလူငယ်တွေ အလုပ်လုပ်ဖို့ နည်းလမ်းပေါင်းစုံနဲ့ သွားရောက်နေရာမှာ တရားမဝင် နယ်စပ်ဖြတ်ကျော် လာသူတွေကတော့ နေ့စဉ်လိုလို ဖမ်းဆီးခံနေရတာ ဖြစ်ပါတယ်။