Home
မြန်မာသတင်း
ရွေးကောက်ပွဲ၌ တာဝန်ထမ်းရမည့် ဝန်ထမ်းစာရင်း စစ်ကောင်စီ ကောက်ခံနေ
lusane
·
February 16, 2023
331120791_1398330750978377_653878751825482171_n

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲမှာ ပါဝင်ရမယ့် ဝန်ထမ်းတွေ စာရင်းကို အခုရက်ပိုင်းအတွင်း ကောက်ခံနေတယ်လို့ ဌာနဆိုင်ရာကနေ သိရပါတယ်။

ရန်ကုန်တိုင်းအတွင်း ခရိုင် ၁၄ ခုမှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက စစ်ကောင်စီတပ်နဲ့ အုပ်ချုပ်ရေး ပေါင်းကာ အစည်းအဝေးပြုလုပ်ပြီး ရွေးကောက်ပွဲမှာ တာဝန်ထမ်းဆောင်ရမယ့် ဝန်ထမ်းဦးရေစာရင်းကို ပေးပို့ခိုင်းတယ်လို့ ခရိုင်စီမံအုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ခရိုင်ကတဆင့် မြို့နယ်ကို ညွှန်ကြားပြီး ကောက်ခိုင်းတာ။ ခရိုင်က တိုင်းအစိုးရကို ပြန်တင်ရမှာပါ။ မြို့နယ်အလိုက် မဲရုံတွေကြည့်ပြီး ဝန်ထမ်းဦးရေ အနည်းအများရှိပါတယ်။”

ကျောက်တံတားမြို့နယ်မှာ ဖေဖော်ဝါရီ ၁၅ ရက်က မြို့နယ်ထွေအုပ်ရုံးမှာ စစ်ကောင်စီတပ်နဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ အစည်းအဝေးပြုလုပ်ကာ ရွေးကောက်ပွဲမှာ ပါဝင်မယ့် ဝန်ထမ်းအင်အားစာရင်းကို စစ်ကောင်စီတပ်ကို ပေးပို့ရတယ်လို့ အမည်မဖော်လိုတဲ့ ဝန်ထမ်းတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ရပ်ကွက်ကော်မရှင်တွေ ပြန်ဖွဲ့ခိုင်းတယ်။ တမြို့နယ်ကို ဝန်ထမ်းအင်အား ၃၀၀ ကျော်တယ်။ မဲရုံတရုံကို ၁၇ ယောက်။ ကျောက်တံတားမှာက မဲရုံ ၂၈ ရုံဆိုတော့ ၄၇၆ ယောက် ပေးရတယ်။”

ရွေးကောက်ပွဲကော်မရှင်က မြို့နယ်အလိုက် ရပ်ကွက်နဲ့ ကျေးရွာကော်မရှင်ရုံးတွေ ဖွင့်ပြီး ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေ ပြန်လည်ခန့်ထားရာမှာ အခက်အခဲဖြစ်နေတယ်လို့ ရပ်ကျေးကော်မရှင်ဥက္ကဋ္ဌဟောင်းတဦးက ဒီဗွီဘီကို ပြောပါတယ်။

“သူတို့လုပ်ခိုင်းဖို့ ကမ်းလှမ်းတယ်၊ မလုပ်တော့ဘူး။ ကျန်းမာရေးအကြောင်းပြ ငြင်းလိုက်တယ်။ သမိုင်းမှာ နာမည်မသေချင်ဘူး။ လုပ်မယ့်သူလည်း မရှိလို့ အခက်အခဲတွေ့နေတယ်။”

အာဏာသိမ်းစစ်ကောင်စီက ၂၀၂၃ ခုနှစ်မှာ ရွေးကောက်ပွဲလုပ်ပေးမယ်လို့ ကတိပေးစကားတွေအရ ပြောနေပေမဲ့ လတ်တလော ရွေးကောက်ပွဲကော်မရှင်မှာ ပြန်ပြီးမှတ်ပုံတင်တဲ့ ပါတီ ၅ ခုသာရှိပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024