ထိုင်းနိုင်ငံအလယ်ပိုင်း၊ စမွတ်ပရကန်မြို့၊ ဘန်ပူမိုင်ရပ်ကွက်ထဲမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက်က မြန်မာအလုပ်သမားပွဲစား ၁ ဦး အသတ်ခံရတာနဲ့ပတ်သက်လို့ ပူးပေါင်းကျူးလွန်သူ မြန်မာလုပ်သား ၄ ဦးကို ဖမ်းဆီးရမိပြီလို့ သက်ဆိုင်ရာရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
အဆိုပါ ၄ ဦးကတော့ စိုးနောင် ( ၂၄ နှစ် )၊ ဇင်မင်းဦး ( ၂၆ နှစ် ) ၊ လှမြင့်သူ ( ၂၀ နှစ် ) နဲ့ ပိုင်စိုး ( ၂၀ နှစ် ) တို့ဖြစ်ကြပြီး စိုးနောင်နဲ့ နောက် ၁ ဦးကို ရနောင်းခရိုင်မှာလည်းကောင်း ၊ နောက်ထပ် ၂ ဦးကို ဘန်ကောက်ခရိုင် ဘန်ဖရီနဲ့ ဆမ်လုံးတိုက်နယ်မြေမှာလည်းကောင်း အသီးသီးဖမ်းမိခဲ့တယ်လို့ ဘန်ပူနယ်မြေရဲစခန်း ရဲမှူးကြီး ဖိဆွတ်ကျန်ဆုဝမ်းက ပြောပါတယ်။
သူတို့ ၄ ဦးထဲက စိုးနောင်ဟာ သေဆုံးသူနဲ့ ငွေရေးကြေးရေးအရ မကြာခဏပြဿနာရှိတယ်လို့ သက်သေတွေ ထွက်ဆိုထားတာကတကြောင်း ၊ အခင်းဖြစ်တဲ့ညက လူ ၃ ဦး တိုက်ခန်းပေါ်က ဆင်းလာတာကို စီစီကင်မရာနဲ့ လိုက်လံစစ်ဆေးရာကလည်းကောင်း တစ်နေရာစီပုန်းရှောင်နေတဲ့ သူတို့ကို နှစ်ရက်အတွင်း ဖမ်းဆီးရမိခဲ့တယ်လို့ ရဲမှူးကြီးက ပြောပါတယ်။
အဲဒီညက သေဆုံးသူရှိရာကို ၄ ယောက် ရောက်လာပြီး ၁ ယောက်က တိုက်ပေါ်မတက်ဘဲ အောက်ကနေအခြေအနေစောင့်ကြည့်ကာ ကျန် ၃ ယောက်က တက်သွားပြီး သတ်ဖြတ်ခဲ့တာပါ။
မနေ့ကတော့ ရဲတပ်ဖွဲ့က သူတို့ လုပ်ကြံခဲ့ပုံတွေကို သရုပ်ပြ ပြန်လုပ်ခိုင်းခဲ့ပါတယ်။ ပွဲစား ဘိုမိုးဟိန်းကို ထိုးသတ်ခဲ့တဲ့ ဓားကို လွှင့်ပစ်ခဲ့တဲ့ ကွန်ဒိုတိုက်ခန်းက အမှိုက်ပုံနေရာ၊ သူ့ကိုလုပ်ကြံဖို့ ၄ ယောက် ကြိုတင်တိုင်ပင်ညှိနှိုင်းခဲ့တဲ့ စိုးနောင်ရဲ့ တိုက်ခန်းနဲ့ လူသတ်မှုဖြစ်ခဲ့တဲ့ တိုက်ခန်းတွေမှာ သရုပ်ပြခဲ့ပါတယ်။
ဓားနဲ့ထိုးခဲ့သူ စိုးနောင်က ဘိုမိုးဟိန်းနဲ့သူဟာ သူငယ်ချင်းတွေဖြစ်ကြောင်း၊ ဘိုမိုးဟိန်းဟာ အလုပ်သမားကို အလုပ်ရှာပေးမယ်ဆိုပြီး ငွေဘတ် ၁၀၅၀၀ ယူထားပြီး အလုပ်ရှာမပေးလို့ ငွေပြန်လာတောင်းတာဖြစ်ကြောင်း၊ ဘိုမိုးဟိန်းဟာ ဒီမတိုင်ခင်ကလည်း တခြားအလုပ်သမားတွေကို အလုပ်ရှာဖွေခ ငွေယူထားပြီး အလုပ်မရတဲ့ခါ ငွေပြန်မပေးဘူးလို့ ပြောပါတယ်။
ဓားကို ကြိုတင်ယူလာခဲ့တာကတော့ သတ်ဖို့မရည်ရွယ်ဘဲ ခြိမ်းခြောက်ရုံသာဖြစ်ကြောင်း ၊ ဒါပေမဲ့ ပိုက်ဆံတောင်းတာမရလို့ စကားများရန်ဖြစ်ပြီး လက်လွန်သွားကြောင်း ၊ သူက ဓားနဲ့ ထိုးသူဖြစ်ပြီး ကျန် ၂ ယောက်က ဖမ်းချုပ်ကာ လက်နဲ့ ခြေတွေ ကြိုးတုပ်ပေးတာလို့ ဝန်ခံသွားပါတယ်။
ဘိုမိုးဟိန်းရဲ့ ဇနီးဖြစ်သူကတော့ စိုးနောင်ဟာ သူတို့အိမ်မှာ စားအိမ်သောက်အိမ်လို အလွန်ရင်းနှီးပြီး ခင်ပွန်းဖြစ်သူထံ ငွေအမြဲချေးငှားကာ ချေးလိုက် ဆပ်လိုက် သံသရာလည်နေကြောင်း၊ သူက ရစရာရှိတယ်ဆိုတာမဟုတ်ဘူး၊ သူ့ကို သေဒဏ်ပေးစေချင်တယ်လို့ ပြောသွားပါတယ်။
ရဲတပ်ဖွဲ့က သူတို့ ၄ ဦးကို တပါးသူအားတမင်သေစေလိုတဲ့ရည်ရွယ်ချက်နဲ့ ပူးပေါင်းကြံစည်မှု၊ ချုပ်နှောင်မှု၊ လူသတ်မှု၊ သက်သေဖျောက်ဖျက်မှု စတဲ့ပြစ်မှုတွေနဲ့ ဘန်ပူရဲစခန်းမှာ စွဲချက်တင်ထားပါတယ်။
ဘိုမိုးဟိန်းဟာ မြန်မာနဲ့ ကမ္ဘောဒီးယားလုပ်သားတွေကို အလုပ်ရှာပေးနေတဲ့ ပွဲဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်က သူနေတဲ့တိုက်ခန်းထဲမှာ ဓားဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာပါ။ သူ အသတ်ခံရချိန် ဇနီးက ၁ လရွယ်ကလေးနဲ့ မဟာချိုင်က အမျိုးတွေ ဆီရောက်နေတယ်လို့ ဆိုပါတယ်။
ကိုးကား - thaipost.net