ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မှော်စီစာကျေးရွာမှာ ဖေဖော်ဝါရီ ၁၅ ရက် ညနေပိုင်းမှာ စစ်ကောင်စီတပ်က အရပ်သားပြည်သူ ၁၅ ဦးထက်မနည်းကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံတွေထံက သိရပါတယ်။
အောင်သာယာရပ်ကွက်မှာရှိတဲ့ ကျောက်စိမ်းကုမ္ပဏီလုပ်ကွက်တစ်ခုကို စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အားအများအပြား ဝင်ရောက်စီးနင်းပြီး ပြည်သူ ၁၅ ဦးထက်မနည်းကို ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အောင်သာယာရပ်ကွက် ဒေသခံတစ်ဦးက“ညနေ ၅ နာရီလောက် အောင်သာယာရပ်ကွက်မှာရှိတဲ့ ကျောက်စိမ်းလုပ်ကွက်ကို ဝင်ရောက်စီးနင်းပြီး ပြည်သူတွေကို ဝင်ရောက်ဖမ်းဆီးတာပါ။ စစ်တပ်က အင်အား ၃၀ ကျော်လောက် ရှိမယ်။ ပြည်သူ ၁၅ ယောက်လောက် ဖမ်းခံရတယ်။ စစ်တပ်က ကြိုးတုပ်ပြီး ဖမ်းသွားတာ။ သေနတ်ပစ်သံတွေလည်း ကြားရတယ်။ ဘာကြောင့်ဖမ်းလဲတော့ မသိရဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်တွေက ကျောက်စိမ်းလုပ်ကွက်ကို ဝင်ရောက်စီးနင်းပြီး ပြည်သူတွေကို ကြိုးတုပ် ဖမ်းဆီးကာ သေနတ်ပစ်ခတ်ခဲ့တဲ့အတွက် အခင်းဖြစ်ပွားရာ နေရာအနီးက ကျောက်စိမ်းလုပ်ကွက်တွေလည်း ရပ်နားသွားခဲ့ပါတယ်။
ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ် KIA တို့ ဖေဖော်ဝါရီ ၁၃ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး အရပ်သားပြည်သူ အမျိုးသားတစ်ဦး ကျည်ထိမှန် သေဆုံးခဲ့ပါတယ်။