ရှမ်းပြည်နယ်၊ သီပေါမြို့နယ်နဲ့ တောင်ကြီးမြို့ပေါ်ရပ်ကွက်မှာ ဖေဖော်ဝါရီ ၁၃ ရက် မနေ့ညနဲ့ ဒီကနေ့ မနက်မှာ မီးလောင်မှုတွေ ဖြစ်ပွါးခဲ့ပါတယ်။
သီပေါမှာဆိုရင် မြို့အစွန် စံဖိတ်ကျေးရွာရှိ မဏိရတနာရွာဦးဘုန်းတော်ကြီးကျောင်းမှာ မီးလောင်ခဲ့ တာဖြစ်ပြီး ကိုယ်ရင်ငယ်လေး ၁ ပါး ပျံလွန်သွားခဲ့တယ်လို့ သီပေါလူငယ် လူမှုကူညီရေးအသင်း ခေါင်းဆောင် စိုင်းတူးလီက ဒီဗွီဘီကို ပြောပါတယ်။
“မီးကဘယ်ချိန်စလောင်လဲတော့ အတိအကျမသိရဘူးခင်ဗျ။ ကျနော်တို့ အကြောင်းကြားချက်ရတာကတော့ ည ၁၀ နာရီလောက်ပါ။ သိသိချင်းသွားကူညီကြပါတယ်။ သီပေါမီးသတ်ဌာနက မီးသတ်ကား ၂ စီး၊ ရေသယ်ကား ၂ စီးနဲ့ နယ်စည်းမခြား ပရ ဟိတအဖွဲ့လည်းပါတယ်။ ဘုန်းကြီးကျောင်းက ကုန်းပေါ်မှာရှိပြီး ရေလည်းရှားတော့မီးသတ်ရတာအခက်အခဲရှိတယ်။ ရေကိုမြို့ထဲထိ ပြန်ပြန်သယ်နေရတာ၊ ည ၁၁ နာရီလောက်မှာ မီးညွန့်ကျိုးသွားတယ်။ ဒါပေမဲ့ အသက် ၁၁ နှစ်ရွယ်ကိုရင်ငယ်လေး ၁ ပါး မီးတွင်းထဲမှာ ပျံလွန်သွားတယ်။ ပင်မကျောင်းဆောင်ကြီးလည်း အကုန်လောင်သွားတယ်။”
အဆိုပါကျောင်းဟာ ပျဉ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုး ခြေတံရှည် ရေနံချေးအဝ သုတ်လိမ်းထားတဲ့ ရှေးကျောင်းတိုက်ကြီးဖြစ်ကြောင်း၊ သံဃာတော် အပါး ၃၀ ခန့် သီတင်းသုံးနေတယ်လို့ ဆိုပါတယ်။
မီးလောင်ရတဲ့အကြောင်းရင်းနဲ့ ဆုံးရှုံးမှုပမာဏတွေတော့ မသိရသေးပါဘူး။ ကျောင်းဝင်းထဲမှာ ကျောင်းတိုက်ကြီးနဲ့ တခြားဇရပ်နဲ့ ကုဋီဆောင်တွေ ၄- ၅ ဆောင်ရှိပေမယ့် ပင်မကျောင်းတိုက်ကြီး လောင်ကျွမ်းသွားတာဖြစ်ပါတယ်။
တောင်ကြီးမြို့ ရတနာသီရိရပ်ကွက်ထဲမှာလည်း ဒီကနေ့ ဖေဖော်ဝါရီ ၁၄ ရက် မနက်က မီးလောင်မှုဖြစ်ပွါးခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ပါတယ်။
ကနေ့မနက် ၅ နာရီ မိနစ် ၄၀ အချိန်က ရတနာသီရိရပ်ကွက် အောင်မင်္ဂလာလမ်းထဲမှာ မီးလောင်မှုဖြစ်ပွါးခဲ့ပြီး မီးသတ်ကား ၅ စီးနဲ့သွားရောက်ငြိမ်းသတ်ရာမှာ မနက် ၆ နာရီအချိန်မှာ မီးငြိမ်းသွားတယ်လို့ ဆိုပါတယ်။မီးလောင်ရတဲ့အကြောင်းနဲ့ ဆုံးရှုံးမှုပမာဏတွေတော့ မသိရပါဘူး။
ရှမ်းပြည်နယ်ထဲမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ ရက် နေ့ကလည်း တနေ့တည်းမှာ မီးလောင်မှု ၃ ကြိမ်ဖြစ်ပွါးခဲ့ပါသေးတယ်။
မနက် ၄ နာရီလောက်က ကျောက်မဲမြို့ ရပ်ကွက် ၁ ချယ်ရီလမ်းရှိ နှစ်ထပ်တိုက်အိမ် ၁ လုံး မီးလောင်ခဲ့ပြီး အဲဒီအချိန်နဲ့ မရှေးမနှောင်း ၄ နာရီခွဲလောက်မှာတော့ ရှမ်းအရှေ့ တာချီလိတ်မြို့ ဆန်ဆိုင်း ( က ) ရပ်ကွက်ရှိ နေအိမ်တစ်လုံး မီးလောင်ခဲ့ပါတယ်။ မနက် ၉ နာရီလောက်မှာတော့ ရှမ်းမြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ နားကွမ်းကျေးရွာမှာ နေအိမ် ၂ လုံး မီးလောင်ခဲ့တယ်လို့ မီး သတ်ဦးစီးဌာန ထုတ်ပြန်ချက်တွေအရ သိရပါတယ်။