Home
မြန်မာသတင်း
ကိုရင်ငယ်အား သေဆုံးသည်အထိ ရိုက်နှက်ခဲ့သည့် မဘသဘုန်းကြီးနှင့် လူ ၂ ဦးကို အမှုဖွင့် စစ်ဆေးနေ
DVB
·
September 24, 2024
photo Crd-Myo Tu

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်၊ အမာမြို့ သရက်တော ဘုန်းတော်ကြီးကျောင်းက အသက် ၁၃ နှစ်အရွယ် ကိုရင်ငယ်ကို သေဆုံးတဲ့အထိ ရိုက်နှက်ခဲ့တဲ့ မဘသဘုန်းကြီးနဲ့ လူ ၂ ယောက်ကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းဆီးအမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။

ဖျာပုံမြို့နယ်၊ အမာမြို့နယ်ခွဲ၊ ဒေါ်ညိမ်းကျေးရွာ၊ သရက်တောကျောင်းတိုက်က ဘွဲ့အမည် ဦးဥက္ကဋ္ဌနဲ့အတူ လူ ၂ ယောက်က အသက် ၁၃ နှစ်အရွယ် ကိုရင်ငယ်တပါးကို  ကျောင်းတိုက်အတွင်း လက်ကိုင်ဖုန်းတလုံး ပျောက်သွားတဲ့ကိစ္စနဲ့ ပတ်သက်လို့ စွပ်စွဲ ရိုက်နှက်ပြီး ဆေးကုသခွင့်မပေးဘဲ ဘုန်းကြီးကျောင်း အခန်းတခုထဲ ပိတ်လှောင်ထားရာက ပြင်းပြင်းထန်ထန်ရရှိတဲ့ ဒဏ်ရာတွေနဲ့ စက်တင်ဘာ ၁၈ ရက်က သေဆုံးသွားတာလို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

“ကိုယ်ခန္ဓာအနှံ့ ရိုက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ ပိတ်လှောင်ထားတာ။ ၆ ရက်လောက် ပစ်ထားပြီးတော့ ကျောင်းထဲက ကိုရင်တပါးက သွားကြည့်တော့ သေဆုံးနေတာကို သိရတာတဲ့။ ကျောင်းက ဖုန်းတလုံးပျောက်တာနဲ့ ပတ်သက်ပြီး ရိုက်နှက်တာပါ။ အခုတော့ ကိုရင်ကိုရိုက်တဲ့ ဘုန်းကြီးနဲ့ လူ ၂ ယောက်ကို ဖမ်းဆီးပြီး အမှုဖွင့်ထားတယ်လို့ သိရတယ်။” 

လက်ရှိ ရိုက်နှက်ခံရပြီး သေဆုံးသွားတဲ့ ကိုရင်လေးရဲ့ရုပ်အလောင်းကို မိသားစုဝင်တွေဆီ ပြန်မပေးဘဲ စစ်ကောင်စီ ရဲတပ်ဖွဲ့က စစ်ဆေးပြီး သရက်တောကျောင်းတိုက်မှာပဲ ထားတယ်လို့ ဆိုပါတယ်။

သေဆုံးသူကိုရင်နဲ့ နီးစပ်သူတယောက်က “တော်တော်ရက်စက်တဲ့လူတွေပါ။ ဘုန်းကြီးဖြစ်တဲ့သူကလည်း အရပ်သား လူကြမ်းတွေနဲ့ မခြားဘူး။ အခုတော့ အမှုဖွင့် စစ်ဆေးအရေးယူ ဘာညာပေါ့။ ဒါကလည်း ဟန်ပြသက်သက်ပါပဲ။ ဝင်းနိမ္မိတာရုံလို နိုင်ငံတော်အဆင့် ဆရာတော်ကြီးတောင် သေနတ်နဲ့ ပစ်သတ်ခဲ့သေးတာ အားလုံးအသိပဲလေ။ ဒီလိုပဲ စစ်ဆေးတယ်၊ အပြစ်ပေးမယ်ပြောပြီး ဘာအကြောင်းထူးလဲ” လို့ ပြောပါတယ်။

အဲဒီ အသက် ၁၃ နှစ်အရွယ် ကိုရင်ငယ်ကို သေဆုံးတဲ့အထိ ရိုက်နှက်ခဲ့တဲ့ သရက်တောကျောင်းတိုက်ရှိ မဘသဘုန်းကြီး ဦးဥက္ကဋ္ဌနဲ့ လူ ၂ ယောက်ကို စစ်ကောင်စီ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ဒေါ်ညိမ်းနယ်မြေရဲ စခန်းမှာပဲ ထားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၉ ရက်ကလည်း စစ်ကောင်စီတပ်ရဲ့ ဗိုလ်မှူးဆိုသူ သေနတ်နဲ့ ပစ်ခတ်မှုကြောင့် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဝင်ဖြစ်တဲ့ ပဲခူး၊ ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော်ကြီး ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024