ထိုင်းနိုင်ငံအလယ်ပိုင်း၊ ပထုန်ဌာနီမြို့မှာ ဖေဖော်ဝါရီ ၁၂ ရက် မနေ့မနက်ပိုင်းက အိမ်စီးကား တစီးက ဘတ်စ်ကားမှတ်တိုင်ကို အရှိန်နဲ့ ဝင်တိုက်လိုက်လို့ မှတ်တိုင်မှာ ကားစောင့်နေတဲ့ မြန်မာအမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရပြီး သေဆုံးခဲ့ပါတယ်။
မနေ့ မနက် ၈ နာရီလောက်က ပထုန်ဌာနီမြို့ ဘန်ခူဝပ်ရပ်ကွက် ဘန်ခူဝပ်လမ်းဆုံမှာ ယာဉ်မတော်တဆထိခိုက်မှုဖြစ်ပြီး သေဆုံးဒဏ်ရာရသူတွေပါရှိကြောင်း အကြောင်းကြားတဲ့အတွက် လူနာတင်ယာဉ်၊ မှုခင်းဆရာဝန်တွေနဲ့အတူ သွားရောက် စစ်ဆေးခဲ့တယ်လို့ ပထုန်ဌာနီရဲစခန်း တာဝန်ရှိသူက ပြောပါတယ်။
အခင်းဖြစ်တဲ့နေရာမှာ အညိုရောင် ဟွန်ဒါအိမ်စီးကား ၁ စီးက လမ်းဘေး ဘတ်စ်ကားမှတ်တိုင်ဂိတ်ကို ဝင်တိုက်ထားလို့ ပျက်စီးကြေမွနေပြီး ကားမောင်းသူ ထိခိုက်ဒဏ်ရာရကာ သေဆုံးနေတဲ့ အမျိုးသမီး ၁ ဦးပါ တွေ့ရတယ်လို့ ဆိုပါတယ်။
အထောက်အထားအရ ကားမောင်းပြီး ဒဏ်ရသူမှာ လွဲ့အစ်ခရိုင်မှ အသက် ၂၅ နှစ်ရွယ်ရှိ နိုင်းအနုဝပ်ဘွန်းခမ်း ဆိုသူဖြစ်ပြီး သေဆုံးသူမှာ ဘတ်စ်ကားမှတ်တိုင်မှာ ကားစောင့်နေတဲ့ နန်းခိုင်းဝင်းရွှေ ဆိုသူ မြန်မာအမျိုးသမီး ၁ ဦးဖြစ်တယ်လို့ ဆိုပါတယ်။
အနီးနား ဓာတ်ဆီဆိုင်ဝန်ထမ်း ၁ ဦး ပြောပြချက်အရ ယာဉ်တိုက်တာတော့ မတွေ့ရကြောင်း၊ ဒါပေမဲ့ ပေါက်ကွဲသံလို အသံကြားလို့ ကားတာယာပေါက်တယ်ပဲ ထင်မိကြောင်း၊ နောက်မှ ယာဉ်တိုက်မှုဖြစ်တာကို သိရတာလို့ ပြောပါတယ်။
တာဝန်ရှိသူတွေက သေဆုံးဒဏ်ရာရသူတွေကို ထမဆတ်ဆေးရုံ ပို့ဆောင်ထားပြီး ဖြစ်ရပ်မှန်ကို ဆက်လက်စုံစမ်းသွားမယ်လို့ ပြောပါတယ်။