ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ရွာမအရှေ့ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးမှာ ဖေဖော်ဝါရီ ၁၃ ရက် ဒီနေ့မနက် ၈ နာရီလောက်က လက်လုပ်ဗုံး ပစ်ပေါက်ခံရလို့ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ရုံးအရှေ့ဘက်ခြမ်းရှိ ပြတင်းပေါက်မှန်တွေ ပျက်စီးသွားတယ်လို့ သိရပါတယ်။
ရပ်ကွက်နေသူတဦးက “မနက် ၈ နာရီစွန်းစွန်းကလေးမှာ ပေါက်ကွဲတာ။ ရုံးရှေ့ဘက်က မှန် လေးငါးချပ်လောက် ကွဲသွားတယ်။ မနက် ၁၀ နာရီလောက်မှ လူဝင်လူထွက်ရှိလို့ စောသွားတော့ လူထိခိုက်မှုတော့ မရှိပါဘူး။ ပေါက်ကွဲသံထွက်တော့ စစ်တပ်ဘက်က လာစစ်သွားတာ ရှိတယ်။ ဆိုင်ကယ်နဲ့လို့ သိရတယ်။ မနေ့ညကလည်း နံ့သာကုန်းဘက်မှာ လက်ပစ်ဗုံးတွေ့တယ်လို့ ပြောတယ်။ လောလောဆယ်တော့ ရပ်ကွက်ရုံး ပိတ်ထားပါတယ်” လို့ ပြောပါတယ်။
ဖေဖော်ဝါရီ ၁၂ ရက် ည ၈ နာရီလောက်က နံ့သာကုန်းရပ်ကွက်၊ မင်းကြီးလမ်း၊ ထွေအုပ်ရုံးနားမှာ တွေ့ရှိတဲ့ လီဗာတံဖြုတ်ထားပြီးသား လက်ပစ်ဗုံးတလုံးကို စစ်ကောင်စီဘက်က လမ်းပိတ်ဖောက်ခွဲသံကို မရမ်းကုန်းနဲ့ မြောက်ဥက္ကလာပဘက်ကပါ ကြားရတယ်လို့ သိရပါတယ်။
အင်းစိန်မြို့နယ်နဲ့ ကပ်လျက်ဖြစ်တဲ့ မြောက်ဥက္ကလာပမြို့နယ်မှာလည်း ဖေဖော်ဝါရီ ၃ ရက်နဲ့ ၁၁ ရက်နေ့တွေက လက်လုပ်ဗုံးတွေ တွေ့တယ်ဆိုပြီး စစ်ကောင်စီဘက်က ဖောက်ခွဲခဲ့တဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။