ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ ၂၂ ရပ်ကွက်၊ ကွေ့မလမ်းထောင့်မှာ ဖေဖော်ဝါရီ ၁၂ ရက် ည ၆ နာရီက လမ်းလျှောက်လာတဲ့ ရာအိမ်မှူး ဦးဟန်စိုးထွန်းကို ဆိုင်ကယ်ပေါ်ကနေ သေနတ်နဲ့ ပစ်ခတ်ခံရတယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။
သေနတ်နဲ့ပစ်ခတ်ခံရတဲ့ ရာအိမ်မှူး ဦးဟန်စိုးထွန်းကို စစ်ကောင်စီတပ်တွေက လူနာတင်ယာဥ်နဲ့ ဆေးရုံတခုကို ခေါ်ဆောင်သွားတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
“သေနတ်သံကြားပြီး မြတ်လေးလမ်းတို့၊ ကွေ့မလမ်းတို့မှာ စစ်တပ်က စစ်သေးတယ်။ လူနာတင်ယာဥ်နဲ့ လာသယ်သွားတယ်။ သေမသေတော့ မသိဘူး။”
ပစ်ခတ်မှုဖြစ်ပြီးနောက် ၂၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ စစ်ကောက်စီတပ်တွေ ရောက်ရှိနေပြီး လမ်းသွားလမ်းလာနဲ့ အိမ်စီးယာဥ်တွေကို စစ်ဆေးနေတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း ရန်ကုန်မှာ ပစ်ခတ်မှုတွေကြောင့် ဗိုလ်မှူးတဦး၊ အငြိမ်းစားဗိုလ်မှူးသုံးဦး အပါအဝင် ကိုးဦးသေဆုံးကာ ရှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။