Home
မြန်မာသတင်း
ကသာမြို့နယ် မယ်ငိုနှင့်တက်တူရွယ်ရွာတို့ကို စစ်ကောင်စီတပ် မီးရှို့
DVB
·
February 12, 2023
329180498_945861973243460_510309791990983478_n

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ် ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် မယ်ငိုကျေးရွာနဲ့ တက်တူရွယ်ရွာကို စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ခဲ့တယ်လို့ သိရပါတယ်။

ကသာမြို့နယ် ဧရာဝတီမြစ်အရှေ့ခြမ်း ငအိုး (၁၂၁) တပ်ရင်းကနေထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့  ကသာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ  နတ်သလင်းကုန်းမှာ ဖေဖော်ဝါရီ ၉ နေ့က ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာပါ၊

ဖေဖော်ဝါရီ ၁၁ ရက်ညနေက မယ်ငိုအနောက်တောင်ကြောမှာ ထပ်မံထိတွေ့တိုက်ပွဲဖြစ် ပွားခဲ့ပြီးနောက် ၆ နာရီဝန်းကျင်လောက်မှာ မယ်ငိုကျေးရွာကို စစ်ကောင်စီတပ်သားတွေက မီးရှို့ခဲ့သလို၊ မယ်ငိုရွာအနီး တက်တူရွယ်ရွာကိုလည်း ဒီနေ့ နေ့လယ် ဆက်ပြီးမီးရှို့နေတယ်လို့ ကသာမြို့နယ် ပ.က.ဖ တာဝန်ရှိသူတဦးက ပြောပါတယ်။

“ငအိုး ၁၂၁ ကနေ ၉ ရက်နေ့ကထွက်လာတယ်၊ အဲနေ့ ညနေပိုင်းမှာ ထိတွေ့တိုက်ပွဲဖြစ်တယ်။ ကျနော်တို့ဘက်က ပြန်ဆုတ်ပေးလိုက်တော့ ၁၁ ရက်နေ့ ညနေ ၃ နာရီလောက်မှာ မယ်ငိုရွာအနောက်တောင်ကြောမှာထပ်ပြီး တိုက်ပွဲဖြစ်ကြတယ်။ နောက်တော့ မယ်ငိုရွာကို ဝင်လာပြီးတော့ မီးရှို့နေတယ်။ ဒီနေ့တော့ မယ်ငိုနဲ့ အထက်အောက်ရွာဖြစ်တဲ့ တက်တူရွယ်ရွာကို မီးထပ်ရှို့နေတယ်။”

မယ်ငိုရွာနဲ့ တက်တူရွယ်ရွာကို စစ်ကောင်စီတပ်သားတွေ မီးရှို့တာကြောင့် နေအိမ်ဘယ်နှလုံး လောင်ကျွမ်းသွားတယ်ဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၁၁ ရက် ညနေ ၃ နာရီဝန်းကျင်မှာဖြစ်တဲ့ ထိတွေ့တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေတပ်ဖွဲ့တွေဘက်က ၂ ဦး ဒဏ်ရာရရှိခဲ့ပြီး ၁ ဦးကျဆုံးခဲ့တယ်လို့ ကသာ ပ.က.ဖ တာဝန်ရှိသူက ပြောပါတယ်။

“၁၁ ရက်နေ့ဖြစ်တဲ့ တိုက်ပွဲမှာတော့ ကျနော်တို့ဘက်က သုံးဦး ထိတယ်၊ အဲမှာ တယောက်ကတော့ ကျဆုံးသွားတယ်၊ ကျန်နှစ်ယောက်ကတော့ ဆေးကုသမှုခံယူနေတယ်။ စစ်ကောင်စီဘက်ကတော့ ထိခိုက်ကျဆုံးမှုကတော့ ၁၅ ယောက်ဝန်းကျင်ရှိမယ်၊ အတိအကျတော့ မဟုတ်ဘူးပေါ့။ မြေပြင်သတင်းအရ ခန့်မှန်းသိရှိရတာပေါ့။ စကစဘက်ကတော့ ထိခိုက်တာများတယ်။” 

စစ်ကောင်စီတပ်သားတွေက ငအိုး ၁၂၁ တပ်ရင်းကနေ ထွက်လာတဲ့ လမ်းတလျှောက်က အခင်းတဲတွေမှာတွေ့တဲ့ ပြည်သူတွေကိုလည်း စစ်ကြောင်းနဲ့အတူ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ထွက်ပြေးလွတ်မြောက်လာသူတဦးကနေ ပြောပါတယ်။

ကသာမြို့နယ်ထဲမှာ စစ်ကောင်စီတပ်သားတွေ နယ်မြေရှင်းလင်းရေးဆောင်ရွက်တာ၊ စစ်ကြောင်းထိုးတာတွေကြောင့်  ဧရာဝတီမြစ်အရှေ့ခြမ်း ကျေးရွာ ၈ ရွာက ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရသလို၊ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ရွှေလီမြစ်တောင်ဘက်ခြမ်းက ကျေးရွာ ၃ ရွာနဲ့ ဧရာဝတီမြစ်အနောက်ခြမ်း ကျေးရွာ ၆ ရွာက ပြည်သူတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၁၁ ရက်နေ့ညကလည်း ဧရာဝတီမြစ်အနောက်ခြမ်း မိုးတားလေးရွာမှာရောက်နေတဲ့ စစ်ကောင်စီတပ်သားတွေက တိုက်ပွဲဖြစ်ပွားတာမရှိပဲ ညနေ ၆ နာရီကနေ ည ၁၂ အထိ သေနတ်တွေ ပစ်ဖောက်ခဲ့တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024