ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်၊ ကန်သာယာပန်းခြံရှိ အများသုံးသန့်စင်ခန်းနားမှာ ဖေဖော်ဝါရီ ၁၁ ရက် ည ၇ နာရီခွဲခန့်က အဝေးထိန်းလက်လုပ်ဗုံးတွေ့ရှိလို့ စစ်ကောင်စီဘက်က ဖောက်ခွဲခဲ့ ပြီးနောက် ဒီနေ့မှာတော့ အရပ်ဝတ်အပါအဝင် စစ်ကောင်စီတပ်သားတွေက ရထားဘူတာ၊ ပန်းခြံ၊ ဘတ်စ်ကား မှတ်တိုင်တွေမှာပါ လုံခြုံရေးတင်းကြပ်ထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ပန်းခြံသန့်စင်ခန်းနားက အဝေးထိန်းလက်လုပ်ဗုံးကို စစ်ကောင်စီက ဣန္ဒာမှတ်တိုင်ကနေ ကန်သာယာမီးပွိုင့်အထိ လမ်းပိတ်ဆို့ကာ ဖေဖော်ဝါရီ ၁၁ ရက် ည ၇: ၄၄ မိနစ်မှာ ဖောက်ခွဲခဲ့တာဖြစ်ပြီး ပေါက်ကွဲသံကို မြောက်ဥက္ကလာပမြို့နယ်နဲ့ မြောက်ဒဂုံမြို့နယ်တို့ကပါ ကြားရတယ်လို့ ပန်းခြံနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
"ပန်းခြံက ပုံမှန် ည ၈ နာရီဆို ခေါင်းလောင်းတီးပြီး ပိတ်ပါတယ်၊ မပိတ်ခင်လေး ည ၇ နာရီခွဲလောက် မသင်္ကာစရာ အိတ်တွေ့လို့ စစ်တပ်ကို ဒီက တာဝန်ရှိသူတွေက ဖုန်းဆက် အကြောင်းကြားတာလို့ ပြောတယ်။ အဝေးထိန်းဗုံးလို့ ပြောတယ်၊ ဥဇ္ဇနာရှေ့တင် ဖောက်ခွဲလိုက်တာ၊ ပေါက်ကွဲသံက တော်တော်ကျယ်တယ်၊ ဒီမနက်တော့ သူတို့ဘက်က အရပ်ဝတ်တွေပါ လာစောင့်ပေးနေတယ်။"
ကန်သာယာပန်းခြံမှာ ဂိတ်ကြီး ၂ ဂိတ်နဲ့ ဥဇ္ဇနာလမ်းသွယ်ဂိတ်ရှိပြီး အဝင်အဝက စီစီတီဗွီမှတ်တမ်းတွေကို ယူဆောင်သွားပြီး ပန်းခြံတဝိုက်က ဋ၊ ည၊ ဇ ရပ်ကွက်တွေကို ဧည့်စာရင်းဝင်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်နေ့ကလည်း မြောက်ဥက္ကလာပ ထွေအုပ်ရုံးအနီးမှာ လက်လုပ်ဗုံးတွေ့ရှိလို့ စစ်ကောင်စီဘက်က ဖောက်ခွဲခဲ့သေးတယ်လို့ သိရပါတယ်။