ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ ၂၉ ရပ်ကွက်၊ သံသုမာလမ်း၊ သုဝဏ္ဏပန်းခြံထောင့်မှာ အောက်တိုဘာ ၉ ရက် ဒီမနက် ၇ နာရီက မပေါက်ကွဲသေးတဲ့ လက်လုပ်ဗုံးတွေ့လို့ စစ်ကောင်စီတပ်က လာရောက်ဖောက်ခွဲသွားတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
လက်လုပ်ဗုံးမှာ သုဝဏ္ဏပန်းခြံထောင့်ရှိ ပန်းခြံထဲမှာ ပန်းခြံအလုပ်သမားတယောက်က တွေ့ရှိခဲ့လို့ အကြောင်းကြားခဲ့တာဖြစ်တယ်လို့ ရပ်ကွက်နေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
"Max ဆီဆိုင်နဲ့အနီးမှာ ဗုံးတွေ့တာ ပန်းခြံက အကြောင်းကြားလို့ စစ်တပ်က ရောက်လာတာ အဲ့ဒါကြောင့် ၉ နာရီလောက်မှ ဖောက်ခွဲလိုက်တာ။”
သုဝဏ္ဏပန်းခြံထောင့် Max စက်သုံးဆီဆိုင်ဘေးရှိ အမှိုက်ပုံအနီး ပန်းခြုံအတွင်းမှာ သံပိုက် ၁ ခုနဲ့ Keypad ဖုန်းတွဲထားတဲ့ လက်လုပ်ဗုံးတလုံးကို စစ်တပ်က ရှင်းလင်းခဲ့တာဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
"စစ်တပ်က PDF တွေထောင်တယ်လို့ မပြောဘူး။ တန်ပြန်ထောက်လှမ်းရေးအဖွဲ့တွေကို ဖုန်းဆက်တယ်။ မင်းတို့ထောင်ထားတဲ့ ဗုံးလားဆိုပြီး။ တစ်ဖက်က ဘယ်လိုပြန် ပြောလဲမသိဘူး အဲ့ကျမှ ဖောက်ခွဲလိုက်တာ။”
စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ရဲ့ ပြည်တွင်းတန်ပြန် ထောက်လှမ်းရေးအဖွဲ့က ရန်ကုန်တိုင်းအတွင်း ဖောက်ခွဲရေးလုပ်ငန်းတွေ လုပ်ဆောင်လာတာကြောင့် စက်တင်ဘာ ၆ ရက်က ရွှေပေါက်ကံမြို့မှာ တပ်ကြပ်နဲ့ တပ်သားတယောက်တို့ ဖမ်းမိခဲ့ပါတယ်။
လတ်တလောမှာ သုဝဏ္ဏပန်းခြံအတွင်း လက်လုပ်ဗုံးတွေ့ရှိတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သင်္ဃန်းကျွန်းမြို့နယ်ထွေအုပ်ရုံးမှာ စစ်ကောင်စီတပ်နဲ့ ရဲတွေ အစည်းအဝေးလုပ်နေတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။