ဖေဖော်ဝါရီ ၃ ရက်နဲ့ ၄ ရက်နေ့၊ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာ ကျင်းပတော့ အာဆီယံပေးထားတဲ့ ပြစ်ဒဏ်အတိုင်း အကြမ်းဖက်စစ်အုပ်စုခန့် နိုင်ငံခြားရေးဝန်ကြီး တက်ရောက်ခွင့်မရခဲ့ပါဘူး။ ထုံးစံအတိုင်း မြန်မာ့အရေးဟာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ ခေါင်းစားရတဲ့ အဓိကအကြောင်းအရာ ဖြစ်ခဲ့သလို မြန်မာ့အရေးဟာ တိုးတက်မှုမရှိတဲ့အတွက် အာဆီယံရဲ့ ကြိုးပမ်းမှုတွေကို နောက်တဆင့် တိုးမြှင့်ကြဖို့ ထုံးစံအတိုင်း လက်သီးလက်မောင်းတန်း သဘောတူလိုက်ကြတယ်။
ဘယ်လိုတွေ နောက်တဆင့် တိုးမြှင့်ဆောင်ရွက်ကြမလဲဆိုတော့ အာဆီယံရဲ့ ထုံးစံအတိုင်း ပြောစရာစကားမရှိ။ နောက်တဆင့်တိုးမြှင့်ဖို့ကိစ္စကို ရမရ အားမနာတမ်းမေးမယ် ဆိုရင်တော့ နောက်တဆင့်ဘယ်လိုတွေ တိုးမြှင့်မလဲဆိုတာကို နောက်တခေါက် အစည်းအဝေးရောက်ရင် ထပ်ဆွေးနွေးကြမယ်လို့ ဖြေမှာ မလွဲပါဘူး။
အာဆီယံနိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးအပြီး ထုတ်ပြန်ချက်ကျတော့လည်း အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို လက်တွေ့ဖော်ဆောင်ဖို့သာ ထပ်မံတိုက်တွန်းထားတာ တွေ့ရတယ်။ မြန်မာ့အရေး စိတ်ဝင်စားသူတွေ မျှော်လင့်နေကြတာက နိုဝင်ဘာ ၁၁ ရက်နေ့၊ အာဆီယံ ထိပ်သီးအစည်းအဝေးက ထုတ်ပြန်လိုက်တဲ့ မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ခြင်းဆိုင်ရာ အာဆီယံခေါင်းဆောင်များရဲ့ ပြန်လည်သုံးသပ်ချက်နဲ့ ဆုံးဖြတ်ချက် ၁၅ ချက်နဲ့ပတ်သက်ပြီး ဘာတွေ ဆွေးနွေး အဖြေရှာကြမလဲ ဆိုတာကိုပါ။
အဲဒီဆုံးဖြတ်ချက် ၁၅ ချက်ထဲမှာ ထူးခြားချက်က အာဆီယံမူ ၅ ရပ်ကို အချိန်အကန့်အသတ် ပြဋ္ဌာန်းဖော်ဆောင်မယ်။ အဲဒီ အချိန်ကန့်သတ်မှုဆိုင်ရာ အသေးစိတ်ကိစ္စတွေကို လာမယ့် ၂၀၂၃ ခုနှစ်ကျရင် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ ရေးဆွဲအတည်ပြုကြမယ်လို့ ပြောထား ဆိုထားကြလေတော့ အခု ဂျကာတာအစည်းအဝေးမှာ အချိန်ကန့်သတ်မယ့်ကိစ္စကို ဆွေးနွေးကြမလားလို့ မျှော်လင့်ကြတာပါ။
ဒါပေမဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးဟာ ဘာအလုပ်သဘောမပါတဲ့ ကြေညာချက်သာ ထွက်လာခဲ့တယ်။ ဆုံးဖြတ်ချက် ၁၅ ချက်ထဲက နံပါတ် ၈ အချက် “သက်ဆိုင်သူအားလုံးအနေနဲ့ အာဆီယံ သဘောတူညီချက် ငါးရပ်ကို လိုက်နာ အကောင်အထည်ဖော်ဖို့နဲ့ အာဆီယံအနေနဲ့ သက်ဆိုင်သူအားလုံးကို မကြာမီ ထိတွေ့ဆက်ဆံနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်မယ်” ဆိုတဲ့ အချက်ကိုရော အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ ဘာပြောကြပါသလဲ။
ဂျကာတာအစည်းအဝေးမှာ လေသံတချက်ပင် ဟကြပုံမပေါ်ပါဘူး။ ၂၀၂၃ ခုနှစ်ရဲ့ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီက မြန်မာ့အရေး ဖြေရှင်းဖို့ သက်ဆိုင်သူအားလုံးနဲ့ ဆွေးနွေးသွားမယ်လို့ ဇန်နဝါရီ ၁၁ ရက်နေ့မှာ ပြောကြားခဲ့တာ နောက်ဆုံးဖြစ်မယ်လို့ ထင်ပါတယ်။ အင်ဒိုနိုင်ငံခြားရေးဝန်ကြီးက အဲဒီစကားပြောအပြီး ချက်ချင်းဆိုသလို စစ်အုပ်စုက သူတို့က အကြမ်းဖက်အဖွဲ့လို့ ကြေညာထားတဲ့ အဖွဲ့အစည်းတွေနဲ့ မဆက်ဆံဖို့ လှမ်းငေါက်လိုက်ပြီးတဲ့နောက် အင်ဒိုနီးရှားဘက်က သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံရေး ဆိုတဲ့စကား ဆို့အခဲ့လေသလားလို့ အတွေးပွားမိပါတယ်။
ပြီးခဲ့တဲ့ သုံးလေးလလောက်တုန်းက ဒေါင်းတင်မောင်းတင်နဲ့ ဖိအားပေးမယ် တကဲကဲ၊ ၂၀၂၃ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားပြောခဲ့တဲ့ စစ်အုပ်စုမျက်နှာကို ထောက်ထားနေမှာ မဟုတ်ဘူးဆိုတဲ့ ခပ်ဆတ်ဆတ် လေယူလေသိမ်းမျိုးဟာ အခုတော့ ပျောက်ဆုံးသွားသလို ခံစားလာရပါတယ်။
အခုရက်ပိုင်းအတွင်း အင်ဒိုနီးရှား ခံတွင်းတွေ့နေတာက အကြမ်းဖက်စစ်အုပ်စုနဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာရေး ဖြစ်လာပြန်ပါတယ်။ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက မြန်မာစစ်ဗိုလ်ချုပ်တွေကို အင်ဒိုနီးရှား ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အတွေ့အကြုံကို ရှင်းပြဖို့အတွက် ဗိုလ်ချုပ်ဟောင်းတယောက်ကို မြန်မာနိုင်ငံစေလွှတ်ဖို့ စီစဉ်ထားကြောင်း ပြောကြားထားပါတယ်။ အဲဒီဗိုလ်ချုပ်ဟောင်းဟာ ရင်းနှီးမြှုပ်နှံမှုနဲ့ ပင်လယ်ရေကြောင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး စစ်ဗိုလ်ချုပ်ဟောင်း Luhut Panjaitan ဖြစ်ပြီး သူဟာ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်သစ် ဖြစ်လာနိုင်ကြောင်း သတင်းတွေက ဆိုပါတယ်။
အင်ဒိုသမ္မတက စစ်ဗိုလ်ချင်း စကားပြောရဆိုရ ပိုအဆင်ပြေမယ်လို့ မျှော်လင့်ပုံရပြီး အင်ဒိုနီးရှားရဲ့ အသွင်ကူးပြောင်းရေး အတွေ့အကြုံကို သူတို့စစ်သားချင်း မျက်နှာချင်းဆိုင် တွေ့ဆုံ စကားပြောမယ်ဆိုရင် မင်းအောင်လှိုင်တယောက် နားဝင်လာမလားလို့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက စိတ်ကူးယဉ်ကြည့်ပုံရပါတယ်။
ပြဿနာက အင်ဒိုနီးရှားစစ်တပ်ဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ယုံကြည်စွာနဲ့ လျှောက်လှမ်းခဲ့တာဖြစ်ပြီး မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေက တရွေ့ရွေ့ချီနေတဲ့ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလမ်းကို ရိုက်ချိုးဖျက်ဆီးခဲ့ခြင်း ဖြစ်ပါတယ်။ ပြောရရင် အင်ဒိုနီးရှားရဲ့ အသွင်ကူးပြောင်းရေးဆိုတာ စစ်တပ်က သူ့ရဲ့အာဏာကို တဖြည်းဖြည်း လျှော့ချကာ ပြည်သူ့အာဏာကို တစစ တိုးမြှင့်စေခြင်းဖြစ်ပြီး မြန်မာအကြမ်းဖက်စစ်တပ်ကတော့ တဖြည်းဖြည်း စစ်တပ်အာဏာ ဆုတ်ယုတ်လာတာကို လက်မခံနိုင်တော့လို့ အာဏာသိမ်းလိုက်ခြင်း ဖြစ်ပါတယ်။
အဲဒီလို အသွင်ကူးပြောင်းရေးအပေါ် ရှုမြင်ကျင့်ကြံပုံ အနှစ်သာရ တခြားစီဖြစ်နေတာကို အင်ဒိုနီးရှားသမ္မတက ကောင်းကောင်းသိလျက်နဲ့ စိတ်ကူးယဉ်ကြည့်ခြင်း ဖြစ်ပါတယ်။ ဘာ့ကြောင့် စိတ်ကူးယဉ်နေရတာလဲဆိုတော့ အာဆီယံက ချမှတ်ထားတဲ့ အာဆီယံမူ ၅ ရပ် ဖော်ဆောင်ရေး ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ စုံလုံးကန်းစိတ်ကပဲ ရှေ့ဆောင်နေတာကြောင့် များလားလို့ အတွေးရောက်ရပါတယ်။
ဘာ့ကြောင့်လို့လဲဆိုတော့ အာဆီယံမူ ၅ ရပ်သာ လုံးဝပျက်သွားခဲ့ပြီဆိုရင် အာဆီယံအသင်း အနေနဲ့ ရှေ့တလှမ်းထပ်တိုးစရာ ဘာမှမရှိတော့လို့ပါပဲ။ အာဆီယံမူ ၅ ရပ်ဟာ ဘယ်အချိန်မှာ ပျက်သွားမှာလဲလို့မေးရင် ပျက်နေတာ အစကတည်းကလို့ ဖြေရပါမယ်။ အာဆီယံမူ ၅ ရပ်ကို ၂၀၂၁ ခုနှစ် ဧပြီ ၂၄ ရက်နေ့မှာ စတင်ခဲ့ပြီး ၂၀၂၁ ခုနှစ် ဧပြီ ၂၅ ရက်မှာ စပျက်ခဲ့တာပါ။ ဧပြီ ၂၅ ရက်ကစလို့ ဒီနေ့ထိတိုင် အကြမ်းဖက်စစ်တပ်က အာဆီယံမူ ၅ ရပ်ရဲ့ အမြုတေဖြစ်တဲ့ အကြမ်းဖက်မှု ချက်ချင်းရပ်ဆိုတာကို နေ့စဉ်ဆွဲဖြဲကာ မြန်မာပြည်သူတွေကို နေ့စဉ် ပစ်မှတ်ထား သတ်ဖြတ်နေခြင်းက အာဆီယံမူ ၅ ရပ် နေ့စဉ် ပျက်ပြီးရင်း ပျက်နေကြောင်း လက်တွေ့ သတင်းပေးပို့ချက်ပါပဲ။
အဲဒီလို စစ်အုပ်စုက နေ့စဉ် အာဆီယံမူ ၅ ရပ်ကို ဆွဲဖြဲပြနေပေမဲ့ အာဆီယံက ဒီအတိုင်း ထိုင်ကြည့်နေခဲ့တာပါ။ ဘာ့ကြောင့် ထိုင်ကြည့်နေတာလဲဆိုတော့ နောက်တဆင့် ဘယ်လိုဆက်လှမ်းမလဲဆိုတာ မပိုင်းဖြတ်နိုင်ခြင်းနဲ့ အာဆီယံမူ ၅ ရပ်ကို လက်မခံကြောင်း စစ်အုပ်စုက တရားဝင်ပြောလာမှာ စိုးရိမ်စိတ်ကြီးနေတာကြောင့်လို့ ထင်မိပြီး စစ်အုပ်စုက အာဆီယံမူ ၅ ရပ်ကို လုံးဝ လက်မခံကြောင်း တရားဝင်ထုတ်မပြောသရွေ့ အာဆီယံကလည်း မူ ၅ ရပ် ဆက်ရှိနေသေးတယ်လို့ ရှုမြင်ထားပုံပါပဲ။ အဲဒီလို စိုးရိမ်စိတ်တွေကြောင့်ပဲ နောက်တဆင့် ဖိအားပေးရေးနဲ့ NUG အစိုးရနဲ့ တရားဝင်တွေ့ဆုံရေးကို အာဆီယံက ဆက်မလှမ်းရဲတာလို့ နားလည်မိပါတယ်။
အခုလည်း ဆင်ဖမ်းမယ် ကျားဖမ်းမယ် ဆိုတဲ့ အင်ဒိုနီးရှားက စစ်အုပ်စုနဲ့ ထိတွေ့ဆက်ဆံရေးဘက် ဦးလှည့်လိုက်ပြန်ပြီဆိုတော့ စစ်အုပ်စုမကြိုက်တဲ့ အပြုအမူတွေကို ချက်ချင်း လုပ်ဆောင်ဦးမှာမဟုတ်ဘဲ နောက်ဆုတ်ထားဖွယ်ရှိပါတယ်။ စစ်အုပ်စုက ဘာတွေမကြိုက်တာလဲဆိုတော့ သူတို့ကို ဖိအားဖြစ်စေမယ့် မူ ၅ ရပ်ကို အချိန်ကာလ သတ်မှတ်ဖို့ ဆိုတာနဲ့ NUG အစိုးရနဲ့ တရားဝင်ဆက်ဆံမှုပဲ ဖြစ်ပါတယ်။
အင်ဒိုနီးရှားဟာ ၂၀၂၂ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံလို စစ်အုပ်စုနဲ့ပင်း၊ စစ်အုပ်စု အငြိုငြင်မခံဘဲ စစ်အုပ်စုမျက်နှာကိုသာ ကြည့်နေမှာ မဟုတ်တာတော့ သေချာပါတယ်။ ဒါပေမဲ့ စစ်အုပ်စုအကြိုက် အလိုက်အထိုက်ဆက်ဆံကာ စစ်အုပ်စုဆီက လိုက်လျောမှု တစုံတရာ ရလာမလားလို့ မျှော်လင့်ချက် ကြီးနေမယ်ဆိုရင်တော့ မြန်မာပြည်သူတွေရဲ့ အသက် ကောင်းကောင်းကြီး ဆက်ပေးရဖို့ပဲ ရှိပါတယ်။
အာဆီယံမူ ၅ ရပ်ရဲ့ အကြမ်းဖက်တာ ချက်ချင်းရပ်ဖို့နဲ့ သက်ဆိုင်သူတွေ စားပွဲဝိုင်းမှာတွေ့ဖို့ ဆိုတာကို စစ်အုပ်စုက အမှန်တကယ် ဖော်ဆောင်မယ်ဆိုရင် အချိန်တပတ် မကြာပါဘူး။ အခု မူ ၅ ရပ် သက်တမ်း ၂ နှစ်ပြည့်တော့မှာဖြစ်ပေမဲ့ နေ့စဉ် ပြည်သူတွေ အသက်ပေး ထွက်ပြေးနေရတာ ဘာ့ကြောင့်လဲဆိုတာ နောက်စေ့နဲ့ကြည့်ရင်တောင် မြင်ရတဲ့ ရိုးစင်းလွန်းလှတဲ့ အဖြေပါပဲ။
ထွန်းလင်း