ရန်ကုန်က မြို့နယ်တချို့မှာ ၂၀၂၃ ဖေဖော်ဝါရီ ၁၀ ရက်က စတင်ပြီး ဆိုင်ကယ်၊ ဘေးတွဲ ဖမ်းမိပါက ငွေဒဏ် ၁ သိန်းကနေ ၅ သိန်းအထိ ဒဏ်ရိုက်မယ့်အပြင် စီးနင်းသူကိုလည်း သက်ဆိုင်ရာ ဥပဒေနဲ့ အရေးယူသွားမယ်လို့ စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့တွေက လိုက်လံကြေညာထားပါတယ်။
ရန်ကုန်က ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ မြောက်ဒဂုံ၊ အရှေ့ဒဂုံ၊ မြောက်ဒဂုံမြို့နယ်တို့မှာ လိုက်လံကြေညာနေခဲ့တာပါ။
ရွှေပြည်သာမြို့ခံတဦးက "ဆိုင်ကယ်ဖမ်းမိရင် အနည်းဆုံး ၁ သိန်းကနေ ၅ သိန်း၊ ဒါတင်မပြီးသေးဘူး၊ လူလည်း ဖမ်းဦးမယ်ဆိုတော့ မယောင်ရာဆီလူးတယ်ပဲ ပြောရမယ်။ သူတို့ တကယ်အလုပ်လုပ်ချင်ရင် ရပ်ကွက်ထဲက လောင်းကစား၊ ခိုးဆိုးတွေကို ဖမ်းပြီး နှိမ်နင်းနေလို့ ရတာပဲ။ ဒီဘက်မှာဆို အလုပ်အကိုင်က သိပ်မရှိတော့ ဆိုင်ကယ်လေး ကယ်ရီဆွဲလိုက်၊ ဘေးတွဲလေးနဲ့ ကုန်စိမ်းတင်လိုက် ပိုက်ဆံရှာနေရတာ၊ အခုဟာ ဆိုင်ကယ်တင် မဟုတ်ဘူး၊ ဘေးတွဲပါ ဖမ်းမယ်လို့ လော်နဲ့ အော်သွားတယ်၊ သူတို့ မကြေညာခင်ကတည်းက စစ်သားနဲ့ ရဲတွေ ပေါင်းဖမ်းနေတာပဲလေ၊ ၁ စီး သုံးသောင်းနဲ့ ဂွင်ဖန်နေတာ၊ အခု ဈေးတက်သွားတဲ့ သဘောပဲ နေပါမယ်၊ ဒါနဲ့ဆို ၃ ခါရှိသွားပြီ " လို့ ပြောပါတယ်။
စစ်ကောင်စီရဲ့ ကြေညာချက်မှာ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီကနေ မြို့တော်ကို အဆင့်မြှင့်တင်နေတယ်လို့ပါရှိပြီး မြို့တော်ကို နေချင်စဖွယ်ဖြစ်အောင် ပြင်ဆင်တဲ့နေရာမှာ ဆိုင်ကယ်တွေက ခွင့်ပြုချက်မရှိဘဲ စီးနင်းခြင်းနဲ့ ယာဉ်စည်းကမ်းဖောက်ဖျက်မှုတွေကြောင့် ဆိုင်ကယ်နဲ့ ဘေးတွဲကို ဖမ်းဆီးအရေးယူသွားမှာဖြစ်တဲ့အပြင် ငွေဒဏ် ၁ သိန်းမှ ၅ သိန်းအထိ ဒဏ်ရိုက်ကာ မောင်းနှင်သူကိုလည်း သက်ဆိုင်ရာဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ ပါရှိပါတယ်။
မြောက်ဥက္ကလာပမြို့ခံ တဦးက " ဆိုင်ကယ်မစီးဖို့ ဟမ်းစပီကာနဲ့ လိုက်အော်တာ၊ သူတို့လည်း ဆိုင်ကယ်မောင်းရင်း အော်တာပဲလေ၊ ကြားတာတော့ ဒီနှစ် ပြည်ထောင်စုနေ့က ရန်ကုန်မှာ လုပ်မှာမို့လို့ လမ်းကြိုရှင်းတဲ့ သဘောလို့ ကြားတယ်၊ မကြေညာခင်ကတည်းက ကားဂိတ်တွေ၊ အဝေးပြေး၊ ပွိုင့်တွေမှာ စောင့်ဖမ်းပြီး ပိုက်ဆံတောင်းနေကြလေ၊ စီးတာက တရုတ်ဘီး၊ အဖမ်းခံရရင်လည်း ငါးသိန်းဆိုတော့ တကယ်ဖမ်းရင် ဆိုင်ကယ်ပဲ အဆုံးခံလိုက်တော့မယ် " လို့ ဆိုပါတယ်။
၂၀၂၂ မတ်လကနေ ၂၀၂၃ ဖေဖော်ဝါရီလအထိ ဆိုင်ကယ်နဲ့ဘေးတွဲ စီးနင်းခွင့် ပိတ်ပင်မှုကို စစ်ကောင်စီဘက်က ရန်ကုန်မှာ အနည်းဆုံး ၃ ကြိမ်မကရှိသွားပြီလို့ သိရပါတယ်။