မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ရှင်လှ(မြောက်)ရွာနဲ့ ပိုဝ(တောင်)ရွာက ဒေသခံ ၄၀ လောက်ကို စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် ဖေဖော်ဝါရီ ၉ ရက်က ဖမ်းဆီးခေါ်ဆောင်သွားကာ ငွေကြေးတောင်းယူပြီးမှ ပြန်လွှတ်ခဲ့တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၉ ရက် မနက် ၆ နာရီလောက်ကစပြီး ဟင်္သာရွာသစ်နဲ့ ရှင်လှ(တောင်ရွာ)အနီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေဟာ ပိုဝနဲ့ စိန်ပန်းကုန်းဘက်ကို စစ်ကြောင်းထိုးလာတာ ဖြစ်ပြီး ပိုဝ(တောင်)ရွာအနီးမှာ နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
မတ္တရာနယ်ခံတဦးက “၈ နာရီထိုးလောက်မှာ သူတို့ မြို့ပေါ်ကနေပြီးတော့ တပ်ကူရောက်လာပြီးတော့ ပိုဝ(တောင်)ရွာနဲ့ ရှင်လှ(မြောက်)ရွာက ပြည်သူ ၄၀ လောက်ကို လူသားဒိုင်းအဖြစ်နဲ့ လုပ်ပြီးတော့ လက်နက်ကြီးတွေနဲ့ ရမ်းသန်းပြီးတော့ ထုတာ၊ အကုန်လုံး အချက် ၃၀ နီးနီးလောက်တော့ ရှိမှာပေါ့” လို့ ပြောပါတယ်။
ရွာသားတွေကို မာရဘင်ရွာမှာ ဖမ်းဆီးထားခဲ့ပြီး တိုက်ပွဲဖြစ်ပြီး သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အလောင်းတွေကို စောင်ပုခက်တွေနဲ့ သယ်ခိုင်းခဲ့တယ်လို့လည်း သိရပါတယ်။
အဆိုပါပြည်သူတွေကို ရိုက်နှက်ခဲ့တဲ့အပြင် လူတဦး ငွေတသိန်းတောင်းကာ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ ပြန်လွှတ်လိုက်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
အဲ့ဒီတိုက်ပွဲမှာ ဒေသကာကွယ်ရေးတပ်တွေက ဒရုန်းလေးစီးနဲ့ ဗုံးသီးငါးကြိမ်ချ တိုက်ခိုက်ခဲ့တာကြောင့် စစ်အုပ်စုဘက်က အသေအပျောက်နဲ့ ထိခိုက်ဒဏ်ရာရတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
လူသားဒိုင်းအဖြစ် ဖမ်းဆီးမှုတွေ ပြုလုပ်ပြီးနောက် ပြည်သူတွေကို ထိခိုက်မှာစိုးရိမ်တဲ့အတွက် ဒေသကာကွယ်ရေးတပ်တွေဘက်က တိုက်ခိုက်မှုကို ရပ်စဲခဲ့တယ်လို့ သိရပါတယ်။
စစ်အုပ်စုဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ပိုဝ(မြောက်)ရွာက ဒေသခံတဦးနဲ့ နွားတကောင် လက်နက်ကြီးကျည် ထိမှန်ခဲ့သလို လက်နက်ကြီးကျည်ကြောင့် နွားစာတဲကနေ မီးလောင်ကျွမ်းခဲ့ပြီး နေအိမ်လေးလုံး မီးလောင်ခဲ့တယ်လို့လည်း သိရပါတယ်။