မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ ဖေဖော်ဝါရီ ၇ ရက်ကစပြီး သုံးရက်အတွင်း အမျိုးသားသုံးယောက် ဆွဲကြိုးချသေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးအသင်းတွေက ပြောပါတယ်။
မိတ္ထီလာမြို့နယ်ထဲက မုန်တိုင်းကျေးရွာ၊ ထမုန်ကန်ကျေးရွာနဲ့ ဝန်ဇင်းရပ်ကွက်က အမျိုးသားတွေ အခုလို ဆွဲကြိုးချ သေဆုံးခဲ့တာဖြစ်ပြီး အခုလိုမျိုး သုံးရက်ဆက်တိုက် ဆွဲကြိုးချ သေဆုံးမှုမျိုး တခါမှ မတွေ့ဖူးဘူးလို့ လူမှုကူညီရေးအသင်း တာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။
ဘာကြောင့်အခုလို ဆွဲကြိုးချသတ်သေရတယ်ဆိုတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။ အဲဒီ သေဆုံးသွားတဲ့ ရုပ်အလောင်းတွေကို မိတ္ထီလာဆေးရုံကြီး ရင်ခွဲရုံကနေတဆင့် သက်ဆိုင်ရာနေရာတွေကို ပြန်လည်ပို့ဆောင်ပြီး ရွာဓလေ့ထုံးစံတွေနဲ့အညီ သင်္ဂြိုဟ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
သေဆုံးခဲ့သူတွေဟာ အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသားတွေဖြစ်ကြပြီး စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးအကျပ်အတည်းနဲ့ အလုပ်အကိုင်ရှားပါးတာ၊ ကုန်ဈေးနှုန်း အဆမတန် ကြီးမြင့်တာတွေကြောင့် အခုလို သေကြောင်းကြံစည်မှုတွေ နိုင်ငံအနှံ့ တွေ့နေရတာလည်း ဖြစ်ပါတယ်။