နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ အောင်းကုန်းကျေးရွာအနီးက မြို့ရှောင်လမ်းမပေါ်မှာ ဖေဖော်ဝါရီ ၉ ရက် ည ၉ နာရီခွဲလောက်က တွဲကားနဲ့ ဆူဇူကီးဟိုက်ဂျက်ယာဉ်တို့ မျက်နှာချင်းဆိုင် တိုက်မိကြပြီး ဟိုက်ဂျက်ယာဉ်ပေါ်ပါ အမျိုးသား ၃ ဦး ပွဲချင်းပြီး သေဆုံးသွားတယ်လို့ မိုးစေတနာပရဟိတအသင်း (နေပြည်တော်-ပျဉ်းမနား) ကနေ သိရပါတယ်။
မိုးစေတနာ ပရဟိတအသင်းက“ကျနော်တို့ရောက်တော့ ဟိုက်ဂျက်က ခေါင်းကပြားပြီး သုံးယောက်စလုံးက ခေါင်းခန်းထဲမှာ သေဆုံးနေပါပြီ။ ကားမောင်းတဲ့သူကတော့ လမ်းပေါ်မှာ တွဲလွဲကြီးပေါ့။ ခြေထောက်က ညပ်နေတယ်။ အဲ့နားမှာ ကြားခဲ့တာကတော့ တွဲကားက ကျော်တဲ့တက်အချိန်မှာ တဖက်လမ်းက ဟိုက်ဂျက်နဲ့ မျက်နှာချင်းဆိုင် တိုက်မိတာပါ” လို့ ပြောပါတယ်။
အနီးအနားက မျက်မြင်တွေရဲ့ ပြောကြားချက်အရ ဟိုက်ဂျက်ကားက ပျဉ်းမနားဘက်ကနေ သာဝတ္ထိဘက်ကို မောင်းလာတာဖြစ်ပြီး သာဝတ္ထိဘက်ကနေ ပျဉ်းမနားဘက်ကို ပြန်မောင်းလာတဲ့ တွဲကားက ရှေ့ကားကို ကျော်တက်လိုက်တဲ့အချိန်မှာ ဟိုက်ဂျက်ကားနဲ့ မျက်နှာချင်းဆိုင် တိုက်မိခဲ့တာပါ။
ယာဉ်တိုက်မှုကြောင့် သေဆုံးခဲ့ရတဲ့ ဟိုက်ဂျက်ယာဉ်ပေါ်ပါ အမျိုးသား ၃ ဦးဟာ အသက် ၃၅ ကနေ ၄၀ ကြားအရွယ်တွေလို့ သိရပြီး လက်ရှိအချိန်အထိ မိသားစုဝင်တွေနဲ့ အဆက်အသွယ် မရသေးဘူးလို့ သိရပါတယ်။
သေဆုံးသူတွေကို နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ သိရပြီး တွဲကားပေါ်ပါ ယာဉ်မောင်းနဲ့ ယာဉ်အကူဖြစ်သူကို လယ်ဝေးမြို့မရဲစခန်းက ခေါ်ယူစစ်ဆေးနေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ ( မိုးစေတနာပရဟိတအသင်း ပျဉ်းမနား )