နိုင်ငံရေးပါတီတည်ထောင်ဖို့အတွက် ပြန်လည်လျှောက်ထားတဲ့ ပါတီ ၃ ပါတီ ရှိနေတယ်လို့ စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
စစ်ကောင်စီအနေနဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ဇန်နဝါရီ ၂၆ ရက်မှာ ကြေညာ ပြဋ္ဌာန်းခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့လည်း နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း နည်းဥပဒေတွေ၊ နိုင်ငံရေးပါတီ တည်ထောင်ခွင့်၊ ဆက်လက်တည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့်တို့နဲ့စပ်လျဉ်းပြီးလည်း ဇန်နဝါရီ ၃၁ ရက်မှာ ထုတ်ပြန်ကြေညာထားပါတယ်။
မြန်မာနိုင်ငံမှာ ယခင်က နိုင်ငံရေးပါတီစုစုပေါင်း ၉၀ ကျော်ရှိပြီး အခု အသစ်ပြန်လည် တည်ထောင်ဖို့ ရွေးကောက်ပွဲကော်မရှင်မှာ လာရောက်လျှောက်ထားတဲ့ ပါတီအရေအတွက်က ဖေဖေါ်ဝါရီ ၁၀ ရက်အထိကို ၃ ပါတီသာ ရှိပါတယ်။ ဒီပါတီတွေကတော့ ကြံ့ခိုင်ရေးပါတီ၊ ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီနဲ့ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ(MDP) တို့ပဲ ဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ကတော့ စစ်ကောင်စီကျင်းပဖို့ စီစဉ်နေတဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ကြောင်းနဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်မယ့်သူတွေကိုလည်း နိုင်ငံတော်ပုန်ကန်မှုကျူးလွန်ရာမှာ အားပေး ကူညီသူတွေအဖြစ် သတ်မှတ်မယ်လို့ ကြေညာထားပါတယ်။
တည်ဆဲဥပဒေတွေကို ချိုးဖောက်ပြီး နိုင်ငံတော်ပုန်ကန်မှုကို ကျူးလွန်ထားတဲ့ စစ်ကောင်စီရဲ့ ဆောင်ရွက်မှုမှန်သမျှဟာ တရားဝင်မှုမရှိလို့ သူတို့ကျင်းပမယ့် အတုအယောင်ရွေးကောက်ပွဲကို ခိုင်မာစွာဆန့်ကျင်ကန့်ကွက်နေမှာဖြစ်တယ်လို့အန်အယ်လ်ဒီထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
၈၈ မျိုးဆက်တချို့ပါဝင်ပြီး ဦးကိုကိုကြီးခေါင်းဆောင်တဲ့ ပြည်သူ့ပါတီကတော့ အသစ်ပြန်လျှောက် မလျှောက် သေချာမသိရသေးပါဘူး။ စစ်ကောင်စီဝင်လည်းဖြစ် ပြည်ထောင်စုဝန်ကြီးလည်းဖြစ်တဲ့ ဒေါ်သက်သက်ခိုင်ရဲ့ PPP ပါတီကလည်း ပါတီပြန်လည်လျှောက်ထားဖို့အတွက် လိုအပ်ချက်တွေကို ကူညီပံ့ပိုးပေးကြဖို့ဆိုပြီး ဖေဖေါ်ဝါရီ ၉ ရက်နေ့က ထုတ်ပြန် ကြေညာထားပါတယ်။
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေသစ်အရ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စည်းရုံးရေး ဆောင်ရွက်လိုတဲ့ ပါတီတွေဟာ ပါတီဝင်ဦးရေ တစ်သိန်းနဲ့အထက်ရှိရမှာ ဖြစ်သလို ပါတီရန်ပုံငွေ သိန်းကျပ်သိန်း ၁၀၀၀ ရှိရမယ်လို့လည်း ပါရှိထားပါတယ်။