ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုး - မူဆယ် ပြည်ထောင်စုလမ်း၊ မြောက်ပိုင်းလမ်းမအနီး တလျှောက် ဖေဖော်ဝါရီ ၉ ရက်နေ့ တရက်တည်း ကချင်လွတ်မြောက်ရေတပ်မတော် (ကေအိုင်အေ) နဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲ ၄ နေရာလောက် ဖြစ်ပွားပြီး အရပ်သားတဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ထိခိုက်ဒဏ်ရာရသူမှာ ကွတ်ခိုင်နဲ့ နမ့်ဖတ်ကာကြား၊ နမ့်ဖလွန်ရွာက အသက် ၉၁ နှစ်အရွယ် အရပ်သားအမျိုးသားတဦး ဖြစ်တယ်လို့ ဆိုပါတယ်။
"အခု ဒီ ကွတ်ခိုင်ဆေးရုံဘက် သယ်လာနေတယ်။ ... မစိုးရိမ်ရရင်တော့ ဒီမှာ ရောက်လာမှာ မဟုတ်ဘူး" လို့ မျက်မြင်တဦးက ပြောပါတယ်။
ဒေသခံ အမျိုးသမီးတဦးက "ဦးဖော်ဒါတန်။ လက်နက်ပြီး ကျည်စ စင်လာထိတာ ကျောကုန်းမှာ လာထိတာ" လို့ ပြောပါတယ်။
ဒီနေ့ မနက် ၈ နာရီ မိနစ် ၂၀ လောက်စပြီး သိန္နီဘက်ကနေ ကွက်ခိုင်ဘက် တက်လာတဲ့ စစ်ကောင်စီတပ်ကို ကေအိုင်အေ တပ်မဟာ ၄ ခြေမြန်တပ်ရင်း ၉ က ကွတ်ခိုင်နဲ့ ၃၈ မိုင် မန်ပြိန်းကြား ကောင်းခမ်းရွာအနီးမှာ ဆီးကြိုတိုက်ခိုက်ရာမှ တိုက်ပွဲပြင်းထန်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
"ကွတ်ခိုင်မှာတော့ မဟုတ်ဘူး။ ဟို ပုန်းထွန်အထက် အကွေ့ကြီးတလျှောက် ဟုတ်တယ်။ အခု အသံကြားနေတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။
ဒီနေ့ မနက် ၁၁ ဝန်းကျင်လောက်ကလည်း ကွတ်ခိုင်ကနေ နမ့်ဖတ်ကာဘက် တက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို KIA တပ်မဟာ ၆၊ တပ်ရင်း ၉ နဲ့ တပ်မဟာ ၄ တပ်ရင်း ၈ ပူးပေါင်းအဖွဲ့တို နမ့်ဖလွန် ဆုတောင်းတောင်တဝိုက် စောင့်ကြို တိုက်ခိုက်ခဲ့ရာက တနာရီကျော်ကြာ ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
မွန်းလွဲပိုင်း ၂ နာရီ ကျော်လောက်ကလည်း ကွတ်ခိုင်အကျော် လွယ်ဆမ်ဆစ်အနီးမှာလည်း စစ်ကောင်စီနဲ့ ကေအိုင်အေ တပ်မဟာ ၄ တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားတယ်လို့ ကွတ်ခိုင် ဒေသခံတဦးက ပြောပါတယ်။
"လက်ရှိ အင်အား အကြီးကြီးနဲ့ ပြင်းပြင်းထန်ထန်ချနေကြတယ်။ ကွတ်ခိုင် လွယ်ဆမ်ဆစ် မြေပြန့်ကွင်းမှာ တကြိမ် ပြန်ဖြစ်နေပြီ။ ပွဲအကြီးကြီးပြန်ဖြစ်ပြီ။ စစ်ကောင်စီတပ် တပ်မ ၉၉ နဲ့။”
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်နေ့ည ၁၀ နာရီခွဲလောက်ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်၊ ကြူကုတ် (ပန်ဆိုင်း) မြို့နယ်ခွဲ၊ မုံးပေါ်ဈေးရွာ အထက်ရှိ ပြည်သူ့စစ်စခန်းမှာ စခန်းချထားတဲ့ စစ်ကောင်စီတပ်ကို ကေအိုင်အေ တပ်မဟာ ၆ တပ်ရင်း ၃၆ က ဗုံးနဲ့ သွားရောက် ပစ်ခတ်ခဲ့ပါသေးတယ်။